ဖုန်းဆိုင်ကို ကတ်တာဖြင့် ဖောက်ပြီး လက်ကိုင်ဖုန်း ၆၇ လုံးနှင့် ကျပ်သိန်း ၂ဝ ကျော် ခိုးယူခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိ

ဖုန်းဆိုင်ကို ကတ်တာဖြင့် ဖောက်ပြီး လက်ကိုင်ဖုန်း ၆၇ လုံးနှင့် ကျပ်သိန်း ၂ဝ ကျော် ခိုးယူခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ်လ ၈ ။               ။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကို ကတ်တာဖြင့် ဖောက်ပြီး လက်ကိုင်ဖုန်း ၆၇ လုံးနှင့် ကျပ်သိန်း ၂ဝ ကျော် ခိုးယူခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သြဂုတ်လ ရ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဗိုလ်ချုပ်လမ်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်မှာ ဇူလိုင်လ ၃၁ ရက် နံနက် ၈ နာရီခန့်က ၎င်းဖုန်းဆိုင် ဖုန်းစတိုခန်းရှိ ဘီဒိုအတွင်း ထည့်ထားသော လက်ကိုင်ဖုန်းမျိုးစုံ အလုံး ၆၇ လုံးနှင့် ကျပ်သိန်း ၂ဝ ကျော် ပျောက်ဆုံးနေကြောင်း သိရှိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့မှ အဆိုပါ ဖုန်းဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်းများနှင့် ပိုက်ဆံများ ပျောက်ဆုံးနေသည် မှာ မှန်ကန်သည့်အတွက် ရွှေပြည်သာမြို့မရဲစခန်းတွင် (ပ)၁၇၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့်အမှုဖွင့် ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့များသို့ ပစ္စည်း ပျောက်ပုံစံများပေးပို့ကာ စုံစမ်းဆောင်ရွက်ခဲ့ခြင်းခဲ့ရာမှ အဆိုပါ ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ စုံစမ်းဆောင်ရွက်နေစဉ် သြဂုတ်လ ၃ ရက်၊ နေ့လည် ၂ နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် မသင်္ကာဖွယ်အမျိုးသားတစ်ဦးမှ လက်ကိုင် ဖုန်းများ လာရောက်ရောင်းချနေရာကြောင်း သတင်းအရ ပုသိမ်မြို့မရဲတပ်ဖွဲ့ စစ်ဆေးရာမှ ရွှေပြည်သာမြို့ နယ်နေ အသက် ၂ဝ အရွယ် နိုင်လင်းဦးဆိုသူအား ဖမ်းဆီးရမိခဲ့သည်။

၎င်းထွက်ဆိုချက်အရ ဖုန်းဆိုင်တံခါးအား ကတ်တာဖြင့်ဖျက်၍ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့ကြောင်း၊  ကျူးလွန်ရာတွင် အသက် ၂၂ နှစ်အရွယ် မင်းမင်း(ခ) အောင်မင်းနိုင်ဆိုသူလည်းပါဝင်ကြောင်း ထွက်ဆိုချက်အရ မင်းမင်း(ခ) အောင်မင်းနိုင်ဆိုသူကို စုံစမ်းရှာဖွေခဲ့ရာ သြဂုတ်လ ၄ ရက်၊ ည ရ နာရီခွဲ အချိန် ခန့်တွင် လှိုင်သာ ယာမြိ့နယ်၊ ဒဂုံ-ဧရာ အဝေးပြေးဝင်းအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အသက် ၂ဝ အရွယ် နိုင်လင်းဦးဆိုသူနှင့် အသက် ၂၂ နှစ်အရွယ် မင်းမင်း(ခ) အောင်မင်းနိုင်ဆိုသူတို့ထံမှ  သက်သေခံ လက်ကိုင်ဖုန်း ၄၁ လုံးနှင့် ငွေကျပ် ၄ သိန်းတို့အား ပြန်လည်သိမ်း ဆည်းနိုင်ခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly