အီဖယ်လ်တာဝါရှေ့ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းသည့် အိုင်အက်စ်ကျောထောက်နောက်ခံ အမျိုးသားတစ်ဦးအား ဖမ်းဆီး

အီဖယ်လ်တာဝါရှေ့ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်းသည့် အိုင်အက်စ်ကျောထောက်နောက်ခံ အမျိုးသားတစ်ဦးအား ဖမ်းဆီး

သြဂုတ် ရ ။              ။ ပြင်သစ်နိုင်ငံ အီဖယ်လ် မျှော်စင်၌ သြဂုတ် ၅ ရက်က ကမ္ဘာလှည့်ခရီးသွားများရှေ့မှောက် ဓားကိုင်ရမ်းကားနေခဲ့ပြီး တိုက်ခိုက်မှုကျူးလွန်ရန် ကြံစည်ခဲ့သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လုံခြံုရေးများ၏ အဆိုအရ ၎င်းအမျိုးသားမှာ စစ်သားတစ်ဦးကို သတ်ရန် အစီအစဉ်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံခဲ့ရသူ အမျိုးသားမှာ အသက် ၁၈ နှစ်အရွယ် ဖြစ်ပြီး စိတ်ချို့ယွင်းမှု ပြဿနာတစ်ချို့ရှိနေသူလည်း ဖြစ်သည်။

၎င်းအား မေးမြန်းစစ်ဆေးခဲ့ရာတွင် ၎င်းအနေဖြင့် လုံခြံုရေးစစ်သားတစ်ဦးကို တိုက်ခိုက်သတ်ဖြတ်ရန် ဆန္ဒရှိခဲ့ကြောင်း၊ အလားတူ အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်သမားတစ်ဦးနှင့်လည်း အဆက်အသွယ်ရှိခဲ့ကြောင်း၊ မျှော်စင်ရှေ့ တိုက်ခိုက်မှု ကျူးလွန်ရန် ၎င်းအကြမ်းဖက်သမားကပင် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟုလည်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားသည်။

ပြင်သစ်နိုင်ငံအနေနဲ့ ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာနောက်ပိုင်းကတည်းက အကြမ်းဖက်မှု အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားခဲ့ရပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ ပုံမှန်လိုလို ဖြစ်ပေါ်နေခဲ့ပြီး အထူးသဖြင့် အဓိကခရီးသွားဆိုဒ်များရှိ အစောင့်အကြပ်များ ပိုမိုပစ်မှတ်ထားခံနေရလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ပါရီမြို့က အထင်ကရ ပြတိုက်ကြီးတစ်ခုရှေ့ ကင်းလှည့်နေသည့် စစ်သားလေးဦးအား ဓားကိုင်အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့သည့်   ဖြစ်စဉ်တစ်ခုလည်း   ပေါ်ပေါက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly