၁၉၂၉ ခုနှစ်နောက်ပိုင်း လာလီဂါမှာ အကောင်းဆုံးကစားသမားအဖြစ် မက်ဆီဖြစ်ကြောင်း သတ်မှတ်

၁၉၂၉ ခုနှစ်နောက်ပိုင်း လာလီဂါမှာ အကောင်းဆုံးကစားသမားအဖြစ် မက်ဆီဖြစ်ကြောင်း သတ်မှတ်
(ဓာတ်ပုံ - အီးပီအေ)

၁၉၂၉ ခုှနှစ်နောက်ပိုင်း စပိန်လိဂ်ရဲ့ (၈၆) ရာသီ၊ နှစ်ပေါင်း (၉၀) နီးပါးအတွင်းမှာ ဘာစီလိုနာစူပါစတား မက်ဆီဟာ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်ကြောင်း စပိန်ဘောလုံး သမိုင်းနှင့် စာရင်းအင်းသုတေသနစင်တာ (CIHEFE)ရဲ့ ထုတ်ပြန်လိုက်တဲ့ လေ့လာချက်စစ်တမ်းအရ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်မှာ ၁၉၉၄ နှင့် ၂၀၁၀ ခုနှစ်အကြား ကစားခဲ့တဲ့ စပိန်ကစားသမား ရာအူးလ်က အာဂျင်တီးနား စူပါစတားရဲ့ နောက် ဒုတိယအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဘာစီလိုနာကစားသမားဟောင်း ဆီဆာရိုဒရီဂွက်ဇ် (၁၉၄၁-၁၉၆၀)က ဒုတိယ၊ စတုတ္ထနေရာမှာ ဘီဘာအိုလ်စတား တဲလ်မိုဇာရာ (၁၉၄၀-၁၉၅၇)နှင့် စပို့တင်းဂီဂျွန်နှင့် ဘာစီလိုနာအသင်းတို့မှာ ၁၉၆၈ နှင့် ၁၉၈၇ အတွင်းကစားခဲ့တဲ့ အန်းနရစ် ကက်စထရိုခေးနီက ပဥ္စမနေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။

သုတေသီ ဟိုဆေးအန်တိုနီယို အော်တီကာရဲ့ လေ့လာမှုက ကစားသမားများရဲ့ ရာသီတစ်ခုစီရဲ့ ကစားတဲ့ မိနစ်၊ ဂိုးများနှင့် အကြိမ်ပေါင်း ဘယ်လောက်အထိ ထုတ်ခံရတယ်ကအစ အပါအဝင် စံသတ်မှတ်နှုန်းအစဉ်လိုက်အပေါ် အခြေခံတွက်ချက်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၉၀ နီးပါးအတွင်း လာလီဂါပြိုင်ပွဲမှာ ကစားခဲ့ကြတဲ့ ဂိုးသမား (၈၅၄)ဦးအပါအဝင် စုစုပေါင်း ကစားသမား (၉,၂၈၀)ဦးတို့အပေါ် လေ့လာစာရင်းပြုစုခဲ့တာပါ။

မက်ဆီဟာ ဂိုးပေါင်း (၃၄၉)ဂိုး သွင်းယူထားပြီး ဂိုး (၃၀၀) ကျော်သွင်းယူခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် သူဟာ
ဒီစာရင်းမှာ ရှိတဲ့ ကစားသမားအားလုံးရဲ့ အထက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

အာဂျင်တီးနားစူပါစတားက ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရမှတ် (၅၄၅)၊ ရာအူးလ် ရမှတ် (၅၂၈) ဒုတိယ၊ ဆီဆာ (၅၂၄)၊ ဇာရာ (၄၉၃)နှင့် ခေးနီ (၄၈၈) တို့အသီး ရရှိထားပါတယ်။

မက်ဆီဟာ ကောင်းမွန်တဲ့ နည်းဗျူဟာ၊ ရည်မှန်းချက်နှင့် "ထာဝရ အကောင်းဆုံး" ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်လာအောင် ဖန်တီးခဲ့တဲ့ ပင်ကိုယ်ထူးချွန်မှုအပါအဝင် ကျွမ်းကျင်မှုနှင့် အရည်အသွေး အများအပြားရှိတယ်လို့ အော်တီကာရဲ့ လေ့လာမှုက ထောက်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ပေါ်တူဂီစတား စီရော်နယ်လ်ဒိုကတော့ ရမှတ် (၄၁၅)နှင့်အတူ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ သူဟာ (၂၈၅)ဂိုးနဲ့အတူ လာလီဂါသမိုင်းတစ်လျှောက် ဒုတိယ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။

ဒီလေ့လာ့မှုရဲ့ စာရင်းမှာပါရှိတဲ့ ကစားသမားအားလုံးဟာ လာလီဂါမှာ အသင်းတစ်သင်း သို့မဟုတ် နှစ်သင်းမှာ အနည်းဆုံး (၁၀)ရာသီကြာ ကစားခဲ့သူများဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကစားသမားတွေဟာ သူတို့ရဲ့ ကစားသမားဘဝတစ်လျှောက် ကလပ်တစ်သင်းထဲမှာပဲ အမြဲတမ်းကစားသွားခဲ့သူတွေလည်း ရှိပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags