ပွင့်ဖြူက စန္ဒကူးနံသာကျောင်းတော်ရာဘုရားပွဲကို ပိတ်ပင်ထားခြင်းမရှိဟု မကွေးတိုင်းအစိုးရပြော

ပွင့်ဖြူက စန္ဒကူးနံသာကျောင်းတော်ရာဘုရားပွဲကို ပိတ်ပင်ထားခြင်းမရှိဟု မကွေးတိုင်းအစိုးရပြော

မကွေး၊ သြဂုတ် ၆ ။             ။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ စန္ဒကူးနံသာ ကျောင်းတော်ရာဘုရားပွဲတော်အား ပိတ်ပင်တားမြစ်ထားခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာ မရှိပါဘူး၊ နောက်ထပ် ပွင့်ဖြူ မြို့နယ်အုပ်ချုပ်ရေးကနေတဆင့် ညွှန်ကြားထားတာလည်း မရှိဘူး၊ စန္ဒကူးနံသာဘုရားပွဲတော် ပိတ်ထားတယ်ဆိုတာ ကောလဟာလသာ ဖြစ်ပါတယ်" ဟု မကွေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

သြဂုတ်လ ရရက်တွင် အခါကြီးရက်မြတ်ဖြစ်သည့် ဝါခေါင်လပြည့်နေ့တွင် စန္ဒကူးနံသာ ကျောင်းတော်ရာဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူများနှင့် အစည်းကားဆုံး ရက်ဖြစ်သည်။

သို့သော် လူမှုကွန်ရက် စာမျက်နာများတွင် မကွေးတိုင်းအတွင်း H1N1 ရောဂါကြောင့် စန္ဒကူးနံသာကျောင်းတော်ရာဘုရားပွဲတော်အား ပိတ်ပင်ထားကြောင်း ကောလဟာလများ ဖြစ်နေရာ ဘုရားဖူးများ၊ စျေးသည်များနှင့် ဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

"ကျောင်းတော်ရာဘုရားပွဲတော် အစည်အကားဆုံးရက်ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်စဉ် ဒီရက် ၁ရက် စျေးသွားရောင်းကြတယ်။ ရောင်းကောင်းပါတယ်။ မရောင်းရတဲ့ စျေးသည်ဆိုတာ မရှိသလောက်ပါပဲ။ ပါသမျှ အသုံးအဆောင်ပစ္စည်းတွေ အကုန်နီးပါး ရောင်းရတာပါ၊ အခုလို အွန်လိုင်းမှာ ကောလဟာလတွေ ဖြစ်နေတော့ ဆိုင်ထွက်သင့် မသင့်နဲ့စဉ်စားနေရပါတယ်။ ပစ္စည်းတွေကလည်း ဝယ်ပြီးနေပြီ" ဟု မင်းဘူးမြို့မှ အလှကုန်စုံရောင်းချသူ မအေးအေးမြင့််ကပြောသည်။

လူမှုကွန်ရက်စာမျက်နာများတွင် မကွေးတိုင်းအား H1N1 ရောက်လာသည်ဟု ကြားသိရပါသဖြင့် ကျောင်းတော်ရာဘုရားတွင် ဝါခေါင်လပြည့်ပွဲအား စျေးဆိုင်တန်းများနှင့် အစားအသောက်   ရောင်းဝယ်ဖောက်ကားမှုများအား ခွင့်မပြုပါ။ လူစည်ကားမှုမှ မလိုလားအပ်သော ဝေဒနာများပါလာနိုင်ပါသဖြင့် ဘုရားဖူးကားများအား ဝင်ခွင့်ပိတ်ထားသည်ဟု ပျံနှံ့နေခြင်းဖြစ်သည်။

"ဒီဝါခေါင်လပြည့်နေ့ တစ်ရက်တည်း စည်ကားတာလေ ဒေသအနီး ပတ်ဝန်းကျင်က ဒီရက်ကို အားခဲထာကြတာ၊ ဘုရားဖူး စျေးဝယ်နဲ့ အင်မတန်ပျော်စရာ ကြည်နူးစရာ ကောင်းတာပါ။ အခုလိုကောလဟာလအသံကြောင့် ဘုရားဖူးနဲ့ စျေးသည်တွေ မလာမှာ စိုးရိမ်နေရပါတယ်" ဟု ကျောင်းတော်ရာကျေးရွာမှ ကိုအောင်ကျော်မိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly