ဟီရိုရှီးမား ဗုံးကျဲတိုက်ခိုက်ခံရမှု ရ၂နှစ်ပြည့် အထိမ်းအမှတ် ဂျပန်တွင်ကျင်းပ

ဟီရိုရှီးမား ဗုံးကျဲတိုက်ခိုက်ခံရမှု ရ၂နှစ်ပြည့် အထိမ်းအမှတ် ဂျပန်တွင်ကျင်းပ

တိုကျို၊ သြဂုတ် ၆ ။          ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီးက လူပေါင်းသိန်းနှင့်ချီ၍ သေဆုံးစေခဲ့သော အဏုမြူဗုံးဖြင့် တိုက်ခိုက်ခံရမှု ရ၂နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင်  တနင်္ဂနွေနေ့၌ အမှတ်တရပွဲကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ တက်ရောက်သူများက ကမ္ဘာတစ်ဝန်းမှ နျူကလီးယားလက်နက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုအောက်မေ့ဖွယ် အခမ်းအနားကို ဟီရိုရှီးမားငြိမ်းချမ်းရေး အထိမ်းအမှတ်ပန်းခြံအနီး၌ ဒေသစံတော်ချိန် သြဂုတ်လ ၆ ရက်နေ့ မနက် ၈:၁၅ နာရီခန့်တွင် ကျင်းပခဲ့ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တစ်မိနစ် ခန့် ငြိမ်သက်ခဲ့ကြသည်။

ပွဲကျင်းပသည့်အချိန်သည် လွန်ခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က အမေရိကန်လေတပ်မှ Little Boy ဟု အမည်ပေးထားသော အဏုမြူဗုံးကို ဟီရိုရှီးမားမြို့ပေါ်သို့ ကျဲချခဲ့သည့် အချိန်နှင့် အတူတူပင်ဖြစ်သည်။

တစ်မိနစ်ခန့် ငြိမ်သက်ပြီးနောက်တွင် မြို့တော်ဝန်ဖြစ်သူ ကာဇူမီမတ်ဆူအီက ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များ အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် ၁၂၂ နိုင်ငံ၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး သဘောတူညီချက်ကို ထောက်ခံအားပေးကြရန် နှိုးဆော်တိုက်တွန်းခဲ့သည်။

ဒါ့အပြင်မက်ဆူအီက အစိုးရအားလုံးအနေဖြင့် နျူကလီးယားကင်းမဲ့သော ကမ္ဘာမြေကြီးဖြစ်အောင် ကြိုးပမ်းရ မည့်အချိန်တန်ပြီဟု ပြောခဲ့သလို ဂျပန်အစိုးရအနေဖြင့် ထိုနျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက် အသက်ဝင်ဖြစ်မြောက်လာအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံခန့်သည် ထိုသဘောတူညီချက်ကို အတည်ပြုပြီးပြီဖြစ်သော်လည်း ဂျပန် အပါအဝင် အဏုမြူလက်နက်ပိုင်ဆိုင်သော နိုင်ငံကြီးများက ခေါင်းရှောင်နေသောကြောင့် ထိုအစီအစဉ်မှာ မအောင်မြင်နိုင်သည့် အလားအလာများလျက်ရှိသည်။

အဏုမြူလက်နက်ပိုင်ဆိုင်သော နိုင်ငံကြီးများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ရုရှား တို့အပါအဝင် နိုင်ငံပေါင်း ၈၀နီးပါးခန့်မှ ကိုယ်စားလှယ်များသည် ထိုအောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အထိမ်းအမှတ်ပွဲကျင်းပနေသော ဟီရိုရှီးမားပန်းခြံအပေါ်သို့ အမေရိကန်လေတပ်မှ လွန်ခဲ့သော ရ၂နှစ်ခန့်က အမြင့်မီတာ ၆၀၀ခန့်မှ အဏုမြူဗုံးကျဲချခဲ့သောကြောင့် လူပေါင်း ၉၀၀၀၀ ခန့် ချက်ချင်းသေဆုံးခဲ့ရသည်။ ၁၉၄၅ အနှောင်းပိုင်းတွင် သေဆုံးသူအရေအတွက် ၁၄၀၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ပြီး နောက်ထပ်နှစ်များအတွင်း ဓာတ်ရောင်ခြည်သင့်သည့် လူအရေအတွက်မှာ နှစ်ဆခန့် မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly