ရီယိုရှိ ဆင်းရဲသားရပ်ကွက်များကို စီးနင်းပြီး လူဆိုးဂိုဏ်းခေါင်းဆောင်များကို ဘရာဇီးတပ်ဖွဲ့များဖမ်းဆီး

ရီယိုရှိ ဆင်းရဲသားရပ်ကွက်များကို စီးနင်းပြီး လူဆိုးဂိုဏ်းခေါင်းဆောင်များကို ဘရာဇီးတပ်ဖွဲ့များဖမ်းဆီး

ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၆ ။           ။ ရီယိုဒီဂျနေးရိုးမြို့ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ဆင်းရဲသားရပ်ကွက်များမှ လူဆိုးဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်အတွက် ဘရာဇီးအစိုးရက စစ်သားများနှင့် ရဲတပ်ဖွဲ့အင်အား ၅၀၀၀ခန့်ကို ထိုရပ်ကွက်များအတွင်းသို့ စီးနင်းဝင်ရောက်ရန် စနေနေ့က အမိန့်ပေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၁၃၀၀ နှင့် စစ်သား ၃၆၀၀ ခန့်သည် ဆင်းရဲသားရပ်ကွက် ၅ခုကို ပစ်မှတ်ထားခဲ့ပြီး ဒေသစံတော်ချိန် မနက် ၄ နာရီခန့်တွင် နယ်မြေရှင်းလင်းရေး စတင်ခဲ့ကြောင်း ရီယိုပြည်နယ်လုံခြံုရေးတပ်ဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့သည်။

ဖမ်းဆီးရသည့် အဓိကအကြောင်းရင်းမှာ ကုန်တင်ယာဉ်များကို ဓားပြတိုက်စီးနင်းမှုများ လုပ်ဆောင်နေကြသည့် လူဆိုးဂိုဏ်းများကို နှိမ်နင်းရန်ဖြစ်ပြီး လူပေါင်း ၄၀ ခန့်ကို ထိုကိစ္စနှင့် ပက်သက်၍ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ ရီယိုပြည်နယ်အာဏာပိုင်များက ပြီးခဲ့သောနှစ်အတွင်း ကုန်တင်ယာဉ်များကို ဓားပြတိုက်စီးနင်းသည့် အမှုပေါင်း ၁သောင်းကျော်အထိ ရှိခဲ့ကြောင်း ပြောခဲ့သည်။

ရုတ်တရက် ၀င်ရောက်စီးနင်းမှုသည် နေ့လယ်ပိုင်းတွင် ပြီးစီးခဲ့ပြီး လူဆိုး ၂၄ ဦးနှင့် ဆယ်ကျော်သက် ၂ဦးခန့်ကို ဖမ်းဆီးရမိခဲ့ကာ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သေဆုံးသူ ၂ဦးရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ ထိုထဲမှ ရဲအရာရှိတစ်ဦးသည် သူ၏ယာဉ်အတွင်း၌ရှိနေစဉ် အရှိန်ဖြင့်မောင်းဝင်လာသော ဘတ်စ်ကားတစ်စီးက ၀င်တိုက်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူဆိုးဂိုဏ်းများထံမှ ယာဉ်ပေါင်း ၂၁စီး၊ လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် ကုန်တင်ယာဉ်များစီမှ သူတို့ ခိုးယူလာခဲ့သော ကုန်များကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

လူဆိုးဂိုဏ်းများ ခိုအောင်းနေသည့် ထိုဆင်းရဲသားရပ်ကွက်များထဲသို့ ၀င်ရောက်စီးနင်းခဲ့သည့် စစ်သားများမှာ ပြီးခဲ့သောလက ရီယိုဒီဂျနေးရိုးမြို့အတွင်း၌ နည်းဗျူဟာအရ အစိုးရမှ တပ်ဖြန့်ချထားသော တပ်သား ၈၅၀၀ ထဲမှဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly