အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေဖြစ်ခြင်းအတွက် အာစင်ဝင်းဂါးတောင်းပန်

အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေဖြစ်ခြင်းအတွက် အာစင်ဝင်းဂါးတောင်းပန်

သြဂုတ် ၅၊ လန်ဒန်။            ။ အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းတိုးခဲ့၍ ၎င်းအား သတ်ပစ်ချင်နေသူများကို အာစင်ဝင်းဂါးက နောက်ပြောင်တောင်းပန်ခဲ့သည်ဟု goal.com တွင်   ဖော်ပြထားသည်။

ပြင်သစ်လူမျိုးနည်းပြသည် အာဆင်နယ်အသင်း အဆင့် ၄ အပြင်ဘက်ရောက်သွားသည့် ၂၀၁၆-၁၇ ဘောလုံးရာသီက ပရိသတ် အချို့၏ဆန္ဒပြမှုများနှင့် ပုံမှန်ကြံုတွေ့ခဲ့ရသည်။

ယင်းအခြေအနေများကြားမှ အက်ဖ်အေဖလားရယူနိုင်ခဲ့၍ အသင်းနှင့်နှစ်နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည်။ ၎င်းအားထွက်သွားစေ ချင်သူများစွာရှိနေသည်ကို ဝင်းဂါးက အသိအမှတ်ပြုသော်လည်း ဝေဖန်မှုများအပေါ် မတုန်မလှုပ်ရှိနေဆဲဖြစ်သည်။

ရာသီကြိုကွန်မြူနတီဒိုင်းပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် အာစင်ဝင်းဂါးက သတင်းထောက်များကို “ကျွန်တော်ဒီမှာ ဆက်ရှိနေမိလို့ တောင်းပန်ပါတယ်။ ခင်ဗျားတို့ကျွန်တော့်ကိုသတ်ချင်နေတာ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ခုချိန်မှာတော့ ကျွန်တော်ဆက်ရှင်နေတုန်းပဲ”ဟု ပြောသည်။

ချန်ပီယံလိဂ်ဝင်ခွင့်မှတ်တမ်းပျက်ပြယ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ဆုဖလားကသာဦးစားပေးဖြစ်သင့်ကြောင်းနှင့် ရရှိဖူးသည့် အောင်မြင်မှုများ ပြန်ရအောင်ယူရန်ဆုံးဖြတ်ထားသည်ဟု ဝင်းဂါးက ဆိုသည်။

“ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်တုန်းက လူတွေကပြောကြတယ်။ ‘ခင်ဗျားဖလားတစ်လုံးမှ မရဘူးလေ’တဲ့။ အခုကျွန်တော်တို့ ဖလားတစ်လုံးရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မရပြန်တော့ ‘ဘာလို့ ချန်ပီယံလိဂ်ဝင်ခွင့်မရတာလဲ’ ပြောကြပြန်ရော။

ဒါတွေကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အလုပ်အပေါ်ဆက်အာရုံစိုက်သွားပြီး ပြိုင်ပွဲတိုင်းမှာအနိုင်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်”ဟု အာဝင်ဝင်းဂါးက ပြောသည်။

၂၀၁၇-၁၈ ရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့်ရထားသည့် အာဆင်နယ်အသင်းသည် စိန်ခေါ်မှုအသစ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly