မန်တုံတွင် အပစ်အခက်ဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်လမ်းများ ပိတ်ခံထားရ

မန်တုံတွင် အပစ်အခက်ဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်လမ်းများ ပိတ်ခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်(ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မန်တုံမြို့တွင် သြဂုတ်လ ၄ရက်က မန်တုံမြို့အနီး ၄မိုင်၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၅ရက်နေ့တွင် မန်တုံမြို့၏ အဝင်အထွက်လမ်းမများကို ပိတ်ထားခံရကြောင်း သိရသည်။

လားရှိုးနှင့်မန်တုံကို ကားဆွဲနေသည့် ကားသမားတစ်ဦးက “ကျွန်တော်တို့ မနေ့ညက မန်ပက်ရွာမှာ အိပ်ရတယ်။ ပစ်ခတ်နေတော့ မသွားရဲဘူးလေ။ ဒီမနက် အစောကြီး ၄နာရီခွဲလောက်မှ မြို့အဝင်လမ်းမှာ တပ်လာမစောင့်ခင် ကျွန်တော်တို့ မြို့ထဲကို ပြန်သွားတယ်။ အခုတော့ အဝင်အထွက်လမ်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ” ဟု ပြောသည်။

ပစ်ခတ်မှုများကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်ထဲတွင် မိန်းကလေးများအပါအဝင် မန်ပက်ရွာတွင် တစ်ညအိပ်လိုက်ရကြောင်း ဆက်ပြောသည်။

မန်တုံ အထက ကျောင်းဆရာမ တစ်ဦးက “အခြေအနေတော့ ပြန်ကောင်းလို့ ကျောင်းတော့ ပြန်ဖွင့်ပြီ။ ကလေးတွေကတော့ မစုံဘူး။ ကားတွေ အဝင်အထွက်မပေးဘူးလိုတော့ ကြားတယ်။ ဒီနေ့တောင်မှ မန်တုံကနေ ထွက်တဲ့ကားတွေ မရှိဘူး။ မနေ့က လားရှိုးကနေ ပြန်လာတဲ့ကားတွေကတော့ ဒီမနက်အစောကြီး ပြန်ဝင်လာကြတယ်” ဟု ပြောသည်။

အဆိုပါ မြို့အဝင်အထွက်လမ်းမများကို ပိတ်ပင်ထားသည့်အတွက် ခရီးသွားပြည်သူများ အနှောက်အရှက်ဖြစ်စေပြီး အမျိုးသမီးနှင့် ကလေးငယ်လေးများအတွက် လုံခြံုရေးအတွက်လည်း စိုးရိမ်ကြောင်း လားရှိုး-မန်တုံ ကားသမားတစ်ဦးက ဆက်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly