တရုတ်လူမျိုး ပါမောက္ခတစ်ဦးအားဂသူလျှိုလုပ်မှုကြောင့် စင်ကာပူက နယ်နှင်မည် ပြော

တရုတ်လူမျိုး ပါမောက္ခတစ်ဦးအားဂသူလျှိုလုပ်မှုကြောင့် စင်ကာပူက နယ်နှင်မည် ပြော

စင်ကာပူ၊ သြဂုတ် ၄ ။          ။ စင်ကာပူနိုင်ငံမှ ပြည်တွင်းတက္ကသိုလ်တစ်ခုက တရုတ်လူမျိုး ပါမောက္ခတစ်ဦးကို ပြည်ပအစိုးရတစ်ရပ်အတွက် သြဇာခံ သူလျှိုအဖြစ် လုပ်ကိုင်ပေးနေသည်ဆိုကာ စင်ကာပူကနေ နှင်ထုတ်မည် ဖြစ်ကြောင်း ပြောသည်။

ပြည်သူ့မူဝါဒရေးရာ လီကွမ်ယုတက္ကသိုလ်ကျောင်းက အမေရိကန်နိုင်ငံသား ခံယူထားသူ တရုတ်လူမျိုး ပါမောက္ခ ဟောင်ကျင်းသည် စင်ကာပူနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် မလိုလားအပ်သော အန္တရာယ်များ ပေးမည့် လုပ်ဆောင်မှုများနှင့် အကျုံးဝင် ပတ်သက်နေသူဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

ဟောင်ကျင်း၏ ဇနီးဖြစ်သူ သျှာလေးယန်းရှုပင်းကိုလည်း ခင်ပွန်းဖြစ်သူက ပြည် အစိုးရအတွက် အေဂျင့်တစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေသည်ကို သိရှိထားသူသာ ဖြစ်ခြင်းကြောင့် ၎င်းကိုလည်း စင်ကာပူက ရာသက်ပန် ပိတ်ပင်လိုက်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။

မည်သည့် ပြည်ပအစိုးရအတွက် ဟောင်ကျင်းက သူလျှိုလုပ်ကိုင်ပေးနေသည်ဆိုခြင်းကိုမူ အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိပေ။

သို့သော် ဟောင်ကျင်းသည် တရုတ်နိုင်ငံကို ချီးမြှောက်ရေးသားပြီး တရုတ်အာဏာရကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော ဆင်ဟွာသတင်းနှင့် ပြည်သူ့နေ့စဉ်သတင်းဌာနများသို့   ဆောင်းပါးများ ရေးသားပေးပို့နေသူဖြစ်ကြောင်း လီကွမ်ယုကျောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အကယ်၍ ဟောင်ကျင်းသည် ပေကျင်းအတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များကသာ အတည်ပြုလိုက်ပါက ပြီးခဲ့သည့် ကာလအတွင်း ဆက်ဆံရေး သိပ်မလှဘဲ ရှိနေခဲ့သည့် နှစ်နိုင်ငံကြား အခြေအနေက ပိုဆိုးသွားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly