အီကွေဒေါသမ္မတက ဒုသမ္မတဖြစ်သူ၏ လုပ်ပိုင်ခွင့်တာဝန်များကို ရုတ်သိမ်း

အီကွေဒေါသမ္မတက ဒုသမ္မတဖြစ်သူ၏ လုပ်ပိုင်ခွင့်တာဝန်များကို ရုတ်သိမ်း

သြဂုတ် ၄ ။             ။ အီကွေဒေါ သမ္မတ လီနင် မိုရီနိုက ၎င်းအား ဝေဖန်တိုက်ခိုက်ခဲ့သည့် ဒုသမ္မတဖြစ်သူ ဂျော့ဂျ် ဂလက်စ်၏ လုပ်ပိုင်ခွင့်တာဝန်များကို ရုတ်သိမ်းဖယ်ရှားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအချိန်မှာစ၍ ဒုသမ္မတဖြစ်သူ လုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းတာဝန်များအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သမ္မတ မိုရီနိုက အမိန့်ကြော်ငြာစာတစ်ရပ် လက်မှတ်ထိုး ထုတ်ပြန်သွားခဲ့သည်။ ယခုကဲ့သို့ ဒုသမ္မတ ဂလက်စ်၏ တာဝန်များထမ်းဆောင်စေခြင်းမှ ဆိုင်းငံ့ထားမှုကို မည်မျှအထိ သတ်မှတ်ထားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် မေလ ၂၄ ရက်မှ စတင်အာဏာရလာခဲ့သည့် သမ္မတ မိုရီနိုအနေဖြင့် ယခုကိစ္စတွင် ဒုသမ္မတ ဂလက်စ်အား လုပ်ပိုင်ခွင့်တာဝန်များ ဖယ်ရှားလိုက်သော်လည်း ရာထူးကနေ ထုတ်ပယ်သည်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ယခု အပြစ်ပေးခံခဲ့ရသည့် ဒုသမ္မတ ဂလက်စ်မှာ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး လက်ရှိ လက်ဝဲယိမ်းသမ္မတဖြစ်သူ မိုရီနို၏ လုပ်ဆောင်ပုံနှင့် ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ထားခဲ့သူဖြစ်သည်။ ၎င်းမှာ ယခင်သမ္မတဟောင်း ရာဖေးလ် ကော်ရီယာလက်ထက်ကတည်းက ဒုသမ္မတအဖြစ် ထမ်းဆောင်နေခဲ့သူလည်း   ဖြစ်သည်။

ဒုသမ္မတဖြစ်သူ ဂလက်စ်အပေါ် ဖယ်ရှားလိုက်သည့် လုပ်ပိုင်ခွင့်တာဝန်များအနက် တစ်ခုမှာ ဒေါ်လာငွေကြေးပေါင်းများစွာ တန်ဖိုးရှိသည့် အိမ်ယာဖော်ဆောင်ရေးစီမံကိန်းတစ်ခုကို ကြီးကြပ်ကိုင်တွယ်ခွင့် လည်း ပါ၀င်နေလျက်ရှိသည်။

အီကွေဒေါ ဖွဲ့စည်းပုံအရ ဒုသမ္မတတစ်ဦးအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သမ္မတ ဖြစ်သူတာဝန်မထမ်းဆောင်နိုင်တော့သည့်အချိန်တွင် ယင်းနေရာတွင် အသင့်အစားထိုး တာဝန်ယူခွင့် ရှိသည်ဟု ပြဌာန်းထားသည်။ ယင်းအပြင် ၎င်းမှာ အများဆန္ဒအရ ရွေးကောက်တင်မြှောက်သည်ဖြစ်၍ သမ္မတက ထုတ်ပယ်ပိုင်ခွင့် မရှိပေ။ ၎င်းအား ရာထူးမှ ဖယ်ရှားလိုပါက လွှတ်တော်သို့ စွပ်စွဲပြစ်တင်ရန် နည်းလမ်းသာ ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly