ရန်ကုန်၊ သြဂုတ် ၄ ။ ။ စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀နှစ်ပြည့်ပွဲတွင် စာရေးဆရာအချို့က ရေးသားထားသည့် အမှတ်တရစာအုပ်များ အခမဲ့ပေးသွားမည်ဟု ရန်ကုန်စာအုပ်ပလာဇာတည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်က မဇ္ဈိမကို ပြောသည်။
အဆိုပါပွဲကို သြဂုတ် ၅ ရက်တွင် ရန်ကုန်စာအုပ်ပလာဇာမှာ ကျင်းပသွားမည်ဖြစ်ပြီး နေ့လည် ၁နာရီခွဲမှ ၃နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်သည်။
"ဒီပွဲစီစဉ်တာကတော့ ကိုအောင်ဒင်(စာရေးဆရာ အောင်ဒင်)ပါ။ ကျွန်တော်က ကူညီရုံပါပဲ။ အမှတ်တရစာအုပ်ကတော့ အုပ်ရေ ၄၀၀လောက် စီစဉ်ထားပါတယ်"ဟု ရန်ကုန်စာအုပ်ပလာဇာတည်ထောင်သူ စာရေးဆရာ မြေမှုန်လွင် ကပြောသည်။
၎င်းအမှတ်တရပွဲတွင် တာရာမင်းဝေ ရေးသားခဲ့သည့် ကဗျာများကို ကဗျာဆရာများက အမှတ်တရ ရွတ်ဆိုခြင်း အပြင် တာရာမင်းဝေအကြောင်းရေးသားထားသည့် အမှတ်တရ ကဗျာများကိုလည်း ရွတ်ဆိုကြမည်ဖြစ်သည်။
ထို့အပြင် တာရာမင်းဝေ ရေးသားခဲ့သည့် စာအုပ်များကိုလည်း ရန်ကုန်စာအုပ်ပလာဇာတွင် တစုတစည်း ဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။