အလုပ်သမားရေးရာ ကိစ္စရပ်များတွင် အထည်ချုပ်လုပ်ငန်းနှင့် ပတ်သတ်သော ကိစ္စများ အများဆုံး ဖြေရှင်းပေးနေရ

အလုပ်သမားရေးရာ ကိစ္စရပ်များတွင် အထည်ချုပ်လုပ်ငန်းနှင့် ပတ်သတ်သော ကိစ္စများ အများဆုံး ဖြေရှင်းပေးနေရ

ရန်ကုန်၊ သြဂုတ် ၁ ။          ။ အလုပ်သမားအရေး ဆောင်ရွက်ပေးသည့် အဖွဲ့များအနေနှင့် အများဆုံး ဖြေရှင်းပေးရသည့် အလုပ်သမားရေးရာ ကိစ္စများမှာ အထည်ချုပ်စက်ရုံ၊ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် We Generation Network က ဆိုသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင်း ဆောင်ရွက်ပေးခဲ့သည့် အလုပ်သမားရေးရာကိစ္စများတွင် အထည်ချုပ်လုပ်ငန်း၊ အထည်ချုပ်စက်ရုံများနှင့် ပတ်သက်သည့် အမှု ၆၂မှုရှိပြီး အလုပ်ရှင်များအနေနှင့် အလုပ်သမားဥပဒေကို လေးစားမှုအားနည်းနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် We Generation Network အဖွဲ့က ကိုနန္ဒစစ်အောင်က ပြောသည်။

"ဥပဒေပါအခွင့်အရေးကို မလိုက်နာတာပေ့ါ။ အခုက မလိုက်နာတော့ တစ်နေ့တစ်နေ့မလျော့သွားဘဲ အမှုတွေက များများလာတာ။ ဥပဒေက ပြဌာန်းထားပြီးသားတွေကို မရဘူးပြသနာက။ ဒီဥပဒေပါမရတာကို ဘယ်လိုထိန်းကျောင်းမှု အားနည်းတယ်။ အသိပေးမှု အားနည်းတယ်ပေ့ါနော်” ဟု ကိုနန္ဒစစ်အောင်က မဇ္စျိမကို ပြောသည်။

အထည်ချုပ်စက်ရုံများတွင် အလုပ်ရှင် နှင့် အလုပ်သမား အငြင်းပွားဖွယ်ရာပြဿနာများသည် အများဆုံး ဖြစ်ပွားလေ့ရှိပြီး များသောအားဖြင့် လုပ်ခလစာ အပြည့်မရခြင်း၊ အချိန်ပိုကြေး (OT)မရရှိခြင်း၊ သမဂ္ဂအဖွဲ့များ ဖွဲ့စည်းပါက ပါ၀င်သူများကို အလုပ်ထုတ်ခြင်းတို့ကြောင့် ကြံုနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးနေဘုန်းလတ်က "ဒီလို Information တွေကို ရတဲ့အခါမှာ လွှတ်တေ်ာကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တေ်ာကော်မတီတွေ ကော်မရှင်တွေထဲက ဖြစ်ဖြစ်က ဒီဥပဒေရဲ့အားနည်းချက်ကြောင့် အလုပ်သမားတွေ တကယ်ဒီလိုမျိုး ခံစားနေရတယ်ဆိုတာကို သေချာတယ်ဆိုရင် ကျွန်တေ်ာတို့ဟာ ဒီဥပဒေကြီးကို အမြန်ဆုံးပြင်ဆင်နိုင်အောင် လွှတ်တေ်ာကော်မရှင်တွေ ကော်မတီတွေဘက်က ကြိုးစားသင့်တယ်" ဟု ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အထည်ချုပ်စက်ရုံပေါင်း ၄၄၀ခန့် ရှိပြီး အမျိုးသမီးအလုပ်သမားပေါင်း (၃)သိန်းခန့် ရှိနေကြောင်း Action Aid အဖွဲ့၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်းက မေလ ၂၁ရက်နေ့က အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာပမာဏကို ပြီးခဲ့သည့် ဇွန်လအတွင်း နောက်ဆုံးထုတ်ပြန်မည်လို့ ပြောထားခဲ့သော်လည်း ယခုချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ဒါကြောင့် ထုတ်ပြန်မှုအပေါ် ရက်ပေါင်း ၆၀ အတွင်း ပြန်လည်တု့ံပြန်မှုအပေါ်သုံးသပ်ကာ အတည်ပြုကြေညာချက် ဆက်လက် ထုတ်ပြန်ပေးချက် ထပ်မံ ထွက်ရှိမလာတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly