ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်နေစဉ် မျက်နှာကို လက်သီးဖြင့် အထိုးခံလိုက်ရသည့် ရုရှ သတင်းထောက်

ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်နေစဉ် မျက်နှာကို လက်သီးဖြင့် အထိုးခံလိုက်ရသည့် ရုရှ သတင်းထောက်

သြဂုတ် ၄ ။                ။ ရုရှနိုင်ငံက ရုပ်သံသတင်းထောက်တစ်ဦး ရုပ်သံကနေ တိုက်ရိုက် live ထုတ်လွှင့်တင်ဆက်မှုတစ်ခု ပြုလုပ်နေချိန်မှာပဲ မျက်နှာကို လက်သီးနဲ့ထိုးခံလိုက်ရတဲ့ အဖြစ်နဲ့ ကြံုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းထောက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရုရှလေထီးစစ်သည်များနေ့အခမ်းအနားကို မော်စကိုပန်းခြံတစ်ခုမှာ တိုက်ရိုက် live တင်ဆက်နေစဉ်မှာပဲ ၎င်းကို အမျိုးသားတစ်ဦးက ၀င်ထိုးသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှအစိုးရလိုလားတဲ့ NTV ချန်နယ် က သတင်းထောက် နစ်ကီတာ ရက်ဇ်ဗို့ဇ်ဟေးယက်ဗ် က ယင်းအချိန်က ရုရှလေထီးတပ်ဖွဲ့ရဲ့ အထူးကျွမ်းကျင်ပုံတွေကို ရုပ်သံကနေတဆင့် အမွှမ်းတင်   ပြောကြားနေစဉ်မှာပဲ မုတ်ဆိတ်နဲ့ အမျိုးသားတစ်ဦးက သူ့အနားရောက်လာပြီး ရုရှရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကိစ္စနဲ့ပတ်သက်လို့ သူ့ကို ဒေါသတကြီး ကြိမ်းမောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်မှာ သတင်းထောက်ဖြစ်သူက သူ့ကို ငြိမ်ငြိမ်နေပေးဖို့ ပြောခဲ့ပေမယ့်လည်း ၎င်းအမျိုးသားက သတင်းထောက်မျက်နှာကို ထိုးလိုက်ပြီး ဆက်လက်ပြီးတော့လည်း ကြိမ်းမောင်းပြောဆိုမှုတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်ဟာ မော်စကိုမြို့က နာမည်ကျော် Gorky ပန်းခြံမှာဖြစ်ခဲ့တာဖြစ်ပြီး သတင်းကို တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ ဖြစ်ခဲ့တဲ့အတွက်ကြောင့်လည်း NTV သတင်းဝက်ဆိုဒ်မှာ တိုက်ရိုက်ကြည့်ရှုနေကြသူပေါင်း လေးသိန်းကျော်လောက်က မြင်တွေ့ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ယင်းနောက် သက်ဆိုင်ရာ လုံခြံုရေးဝန်ထမ်းတွေက အဆိုပါ ၃၂ နှစ်အရွယ် အမျိုးသားကို လာခေါ်သွားခဲ့ပြီး အမှုဖွင့်အရေးယူထားတယ်လို့လည်း NTV သတင်းဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly