သြစတြေးလျလေယာဉ်ကို နှောင့်ယှက်မည့်အကြံအစည်အား IS တပ်မှူးကညွှန်ကြားခဲ့ဟု ရဲတပ်ဖွဲ့ပြော

သြစတြေးလျလေယာဉ်ကို နှောင့်ယှက်မည့်အကြံအစည်အား IS တပ်မှူးကညွှန်ကြားခဲ့ဟု ရဲတပ်ဖွဲ့ပြော

ဆစ်ဒနီ၊ သြဂုတ် ၄  ။             ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS ၏ တပ်မှူးတစ်ဦးသည် သြစတြေးလျအမျိုးသားတစ်စုအား ဆစ်ဒနီမြို့မှ ထွက်ခွာမည့် အီတီဟတ်လေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် ဗုံးထောင်ရန်နှင့် ဒုတိယအကြံအစည်အဖြစ် အဆိပ်ဓာတ်ငွေ့များကို လူစည်ကားရာအရပ်၌ ထုတ်လွှတ်ရန် ညွှန်ကြားခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က သောကြာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရရာနှင့်ဖြစ်သလိုဖန်တီးထားသော အဆိုပါဖောက်ခွဲရေးပစ္စည်းကို ဇူလိုင်လ ၁၅ ရက်နေ့က ခိုးသွင်းရန်ကြိုးပမ်း ခဲ့သော်လည်း လုံခြံုသောနေရာ၌ မသိမ်းဆည်းခင်တွင် အချိန်မီတားဆီးနိုင်ခဲ့ကြောင်း သိရသည်။ မအောင်မြင် ခဲ့သော အဆိုပါအကြံအစည်နှင့် ပက်သက်၍ အမျိုးသားနှစ်ဦးကို စွဲချက်တင်ထားပြီး တတိယတစ်ဦးကို ဆက်လက် မေးမြန်းနေသည်။

“ဒီလို နှောင့်ယှက်မယ့်အကြံအစည်ဟာ အိုင်အက်စ်အဖွဲ့ထဲက အကြီးတန်းအရာရှိတစ်ဦးထံမှ ရောက်ရှိလာ တာဖြစ်ပါတယ်” ဟု သြစတြေးလျရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မိုက်ကယ်ဖီလန်ကပြောခဲ့သည်။

ဒါ့အပြင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် ဓာတ်ငွေ့များကို ထုတ်လွှတ်သည့် ဓာတုကရိယာတစ်ခုကို အသုံးပြုမည့် ဒုတိယမြောက် အကြံအစည်ကိုလည်း ရဲတပ်ဖွဲ့များက တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဟိုက်ဒရိုဂျင်ဆာဖိုက် သည် အလွန်အဆိပ်အတောက်ရှိပြီး အရောင်အဆင်းမရှိသောကြောင့် အကာအကွယ်မရှိသော လူများအတွက် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

“ကျနော်တို့ဟာ လေယာဉ်ပျံတစ်စီးအပေါ်မှာ ဗုံးထောင်မယ့် ပထမအကြံအစည်ကိုသာမက ဓာတုကရိယာ အသုံးပြုပြီး တိုက်ခိုက်မယ့် ဒုတိယအကြံအစည်ကိုလည်း ဟန့်တားနိုင်ခဲ့ပါတယ်” ဟု ဖီလန်က ပြောခဲ့သည်။  

ပထမအစီအစဉ် မအောင်မြင်သည့်နောက်တွင် အကြမ်းဖက်သမားများသည် ဒုတိယမြောက်တစ်ခုကို လျှို့ဝှက် ကြံစည်နေကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲခဲ့ပြီး ထိုအစီအစဉ်တွင် လေယာဉ်ပျံတစ်စီးထဲကိုပဲ ပစ်မှတ်ထားခြင်း မဟုတ် ကြောင်း သိရသည်။

“သူတို့ဟာ လူစည်ကားတဲ့နေရာတွေကို တိုက်ခိုက်ဖို့ တိုင်ပင်နေကြတာပါ။ အထူးသဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို တိုက်ခိုက်ဖို့ ကြံစည်နေခဲ့ကြတာပါ” ဟု ဖီလန်ကပြောခဲ့ပြီး ယခုအခါတွင် ထိုအစီအစဉ်များ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly