ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဒူဘိုင်း၊ သြဂုတ် ၄  ။              ။ ဒူဘိုင်းရှိ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးမှ တစ်ခုဖြစ်သော မာရီနာတော့ချ်တွင် သောကြာနေ့အစောပိုင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် တိုက်အတွင်းနေထိုင်သူများ အထိတ်တလန့်ဖြစ်ပွားခဲ့ပြီး ခြေဦးတည့်ရာသို့ ထွက်ပြေးခဲ့ကြသည်။

အမြင့်ပေ ၁၁၅၅ ပေခန့်ရှိသော အဆိုပါမိုးမျှော်တိုက်ကြီး၌ ယခုလိုမီးလောင်ကျွမ်းမှုသည် ၂နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားခြင်း ဖြစ်ပြီး အသေအပျောက်မရှိခဲ့ကြောင်း အာဏာပိုင်များက   ပြောဆိုခဲ့ကြသည်။

ဗီဒီယိုမှတ်တမ်းများအရ အင်အားပြင်းသော မီးတောက်ကြီးသည် တိုက်၏အလယ်ပိုင်းမှစ၍ ထိပ်ပိုင်းအထပ် များတစ်လျှောက် လောင်ကျွမ်းနေခဲ့သည်ကို တွေ့မြင်ရသည်။

ယခုလို ဒုတိယအကြိမ် လောင်ကျွမ်းသည့်မီးကို အောင်မြင်စွာငြိမ်းသတ်နိုင်ခဲ့ပြီး မည်သည့်အတွက်ကြောင့် ဖြစ်ပွားခဲ့သလဲဆိုတာကို လောလောဆယ်တွင် မသိရသေးကြောင်း ဒူဘိုင်းအာဏာပိုင်များက ပြောခဲ့သည်။

မာရီနာတော့ချ်မိုးမျှော်တိုက်ကြီး၌ လောင်ကျွမ်းခဲ့သောမီးကို ထိန်းချုပ်နိုင်ပြီးနောက်တွင် ဒူဘိုင်းအရပ်ဘက် ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများအရ တိုက်၏ အောက်ပိုင်းအထပ် များတွင် မီးအနည်းငယ် လောင်ကျွမ်းနေဆဲဖြစ်သော်လည်း အလယ်အထပ်များနှင့် အပေါ်ပိုင်းအထပ်များတွင် အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့သည်ကို တွေ့မြင်ရသည်။

မိုးမျှော်တိုက်ကြီးများနဘေးတွင် ဖုံးအုပ်ကာကွယ်ရန် အသုံးပြုသော မီးလောင်ကျွမ်းလွယ်သည့် ပစ္စည်းများ ကြောင့် မီးဘေးအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ဒူဘိုင်းအာဏာပိုင်များသည် ပြီးခဲ့သော ဇန်နဝါရီလက တင်းကြပ်သော စည်းမျဉ်းများကို ထုတ်ပြန်ခဲ့ဖူးသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ်ကလည်း အဆိုပါမိုးမျှော်တိုက်ကြီးရှိ ဇိမ်ခံတိုက်ခန်းနှင့် တန်ဖိုးကြီးပစ္စည်းများကို ပျက်စီး ဆုံးရှုံးစေခဲ့သော မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် တိုက်တွင်း   နေထိုင်သူများကို  မာရီနာရပ်ကွက် အနီးရှိ အခြားသောရပ်ကွက်များသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags