ဂျပန်က ကမ္ဘာ့အကြီးဆုံး ငါးစျေးကြီးတွင် မီးလောင်မှုဖြစ်ပွား

ဂျပန်က ကမ္ဘာ့အကြီးဆုံး ငါးစျေးကြီးတွင် မီးလောင်မှုဖြစ်ပွား

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးနှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ သမိုင်းဝင် ဆက်ကီဂျီ ငါးစျေးကြီး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးသတ်သမားများက ငြိမ်းသတ်ခဲ့ရသည်။

သက်တမ်း ၈၀ ရှိပြီဖြစ်သော ယင်းငါးစျေးကြီးသည် တိုကျိုမြို့တော်တွင်းက ထိပ်တန်းစားသောက်ဆိုင်များအတွက် တူနာငါးများ လေလံတင်ရောင်းချပေးနေသော ငါးစျေးကြီးဖြစ်သည်။

သြဂုတ် ၃ ရက်က လောင်ကျွမ်းသော ယင်းမီးလောင်မှုတွင် စျေးအစွန် ဆိုင်ခန်းများမှ မီးခိုးများ လွင့်တက်နေသည်ကို တွေ့မြင်ရပြီး မီးသတ်စက် ဒါဇင်များစွာဖြင့် မီးကို ငြိှမ်းသတ်ရခြင်းဖြစ်သည်။
 
ညပိုင်းတွင် မီးကို ငြိှမ်းသတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

တူနာငါးများ လေလံတင်ရောင်းချခြင်းဖြင့် ထင်ရှားသော ဆက်ကီဂျီငါးစျေးကြီး၏ အတွင်းပိုင်းက ပျက်စီးခဲ့ခြင်း မရှိသကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြခြင်းအတွက် ပုံမှန်ဖွင့်လှစ်လျက်ရှိပြီလည်း ဖြစ်သည်။

ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်က မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။ စျေးအပြင်တန်းတွင် လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးနား လမ်းကျဉ်းများမှ အဆောက်အအုံနှင့် အိမ်များအတွက် စိုးရိမ်ခဲ့ရသည်။

ယင်းစျေးပတ်ဝန်းကျင်အရပ်တွင် ဆူရှီစားသောက်ဆိုင်နှင့် ဆိုင်ခန်းများ များစွာရှိရာ အချို့ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း NHK က ဖော်ပြသည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးဘဲ အနီးဝန်းကျင်ရှိ သစ်သားအိမ်ဟောင်းများ မီးဟပ်ခဲ့ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly