အငှားကိုယ်ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် သြစတြေးလျသူနာပြုကို ကမ္ဘောဒီးယား ထောင်ချ

အငှားကိုယ်ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် သြစတြေးလျသူနာပြုကို ကမ္ဘောဒီးယား ထောင်ချ

ကိုလံဘို၊ သြဂုတ် ၃ ။            ။ ဆင်းရဲသော ဘုရင့်နိုင်ငံ ကမ္ဘောဒီးယားတွင် အာဏာပိုင်များက အငှားကိုယ်ဝန်ဆောင် ဝန်ဆောင်ပေးမှု လုပ်ငန်း လုပ်ကာ စီးပွားရှာနေခြင်းများကို ဖြိုခွင်းလျက်ရှိသည်။

ယင်းသို့ ဖြိုခွင်းရာတွင် နိုင်ငံခြားသား လင်မယားစုံတွဲများအတွက် ကမ္ဘောဒီးယား အမျိုးသမီးများကို ရှာဖွေချိတ်ဆက်ပေးပြီး အငှားကိုယ်ဝန်ဆောင်စေသည့် လုပ်ငန်းလုပ်ကိုင်နေသူ သြစတြေးလျသူနာပြုတစ်ဦးကို သြဂုတ် ၃ ရက်တွင် ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်သည်။

နိုင်ငံအတွင်း အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေမှုများအား တရားမဝင်ကြောင်း သတ်မှတ်လိုက်ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် အသက် ၄၉ နှစ်ရှိ သြစတြေးလျသူနာပြု အမျိုးသမီးဖြစ်သူ တမ်မီဒါဗီချားလ်အား ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းများကို ဟန့်တားလိုက်ပြီးနောက် နယ်စပ်သို့ ရောက်သွားခဲ့သော ထိုဝန်ဆောင်မှု လုပ်ငန်းများကို ကမ္ဘောဒီးယားအာဏာပိုင်များကလည်း တားမြစ်ကြောင်း  ကြေညာထားခြင်းဖြစ်သည်။ အဆိုပါ စီးပွားဖြစ်လုပ်ငန်းများသည် ဆင်းရဲသော အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေသည်ဟု ဝေဖန်ပြစ်တင်ကြသည်။

ဆေးဝါးစရိတ် သက်သာခြင်းနှင့် လိင်တူစုံတွဲ၊ တစ်ကိုယ်ရည်မိခင် ဖခင် single parents စသည်တို့နှင့် ပတ်သက်ပြီး ဥပဒေ မရှိထားခြင်းတို့ကြောင့် နိုင်ငံခြားစုံတွဲများက အငှားကိုယ်ဝန်ဆောင်မှုအတွက် ကမ္ဘောဒီးယားကို လာရောက်မှုများခဲ့ရာ သြစတြေးလျသည် အများစုဖြစ်သည်။

 ဒါဗီချားလ်က ထိုင်း၌ အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်နေခဲ့ရာမှ တားမြစ်ချက် ထုတ်လိုက်ခြင်းကြောင့် ကမ္ဘောဒီးယားသို့ ပြောင်းရွေ့လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ကမ္ဘောဒီးယားတွင် ယင်းလုပ်ငန်းများအပေါ် မပိတ်ပင်သေးဘဲ တရားဝင်ဆဲကာလအတွင်းကသာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေက လျှောက်လဲသည်။

သို့သော် တရားသူကြီးများက ယင်းလုပ်ငန်း တရားမဝင်ဟု ကြေညာပြီးနောက်ပိုင်းမှာလည်း ဒါဗီချားလ်သည် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကာ ကမ္ဘောဒီးယားအမျိုးသမီးများကို သွေးဆောင်စည်းရုံး၍ပင် လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချကာ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly