ထိုင်းတွင် ထောင်ကျအကျဉ်းသူတွေ အလှပြင်ဖို့ ရီဆိုင်ကယ်နှုတ်ခမ်းနီများ ထုတ်လုပ်

ထိုင်းတွင် ထောင်ကျအကျဉ်းသူတွေ အလှပြင်ဖို့ ရီဆိုင်ကယ်နှုတ်ခမ်းနီများ ထုတ်လုပ်

ဘန်ကောက်၊ သြဂုတ် ၃ ။          ။ ထောင်ကျနေတဲ့ အမျိုးသမီးတွေအတွက်တော့ အပြင်အဆင် ခြယ်သမှု ကင်းမဲ့တဲ့ အကျဉ်းကျခံ ဘဝမှာ လှပသစ်လွင်အောင် နေဖို့က မျှော်လင့်ချက်နဲ့ စွန့်လုပ်ရတာမျိုးပါပဲ။

ထိုင်းနိုင်ငံက အကျဉ်းသူတစ်သိုက်ကတော့ ထောင်ထဲမှာ ရောက်နေပေမယ့် မဖြစ်ဖြစ်ရာ နည်းလမ်း ရှာကြံပြီး ကိုယ်ကိုကို ရအောင် အလှပြင်ကြပါတယ်။

အကျဉ်းသူ ပရွန်တစ်မန်ကွန်းနဲ့ အပေါင်းပါ တစ်သိုက်ဟာ သူတို့ကို သူတို့ လှပအောင် ခြယ်သဖို့အတွက် စားဖိုဆောင်ကနေ အစားအစာ အရောင်တင်မှုန့်လို food coloring တွေကို ခိုးယူပြီး ဗက်ဆလင်အဆီပျစ်နဲ့ ရောနှောလို့ လက်လုပ် နှုတ်ခမ်းဆိုးဆေးကို ဖန်တီးပြီး အလှပြင်ကြတာပါပဲ။

ပရွန်တစ်အနေနဲ့ အကျဉ်းသူဘဝ ထောင်တွင်းမှာ ဒီလိုအလှပြင်ခဲ့ရပေမယ့် ထောင်ကလွတ်လို့ အပြင်ရောက်ပေမယ့်လည်း ဒီအဖြစ်ကို ချောင်ထိုးမထားနိုင်ပါ။ သူရဲ့ ထောင်ကျအတွေ့အကြံုအရ ထောင်တွင်းက အမျိုးသမီးအကျဉ်းသူတွေအတွက် ရီဆိုင်ကယ်နှုတ်ခမ်းဆိုးတောင့်တွေကို ဆက်လက်ထုတ်လုပ် စေတနာ့လုပ်ငန်းကို စတင်အကောင်အထည်ဖော် လုပ်ဆောင်ပါတယ်။

ပရွန်တစ်ဟာ ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်တဲ့ ဥပဒေနဲ့ ထောင်နှစ်နှစ် ကျခဲ့သူပါ။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ထောင်ချတာ အများဆုံးနိုင်ငံဖြစ်ပြီး မကောင်းသတင်းနဲ့ ကျော်စောတဲ့ ဒီထောင်တွေထဲက အကျဉ်းကျ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ မြင့်မားစေဖို့ ပရွန်တစ်ဟာ သူ့ရဲ့ ထောင်တွင်းက ရီဆိုင်ကယ်နှုတ်ခမ်းဆိုးဆေးလိုမျိုး ပေးဝေနိုင်အောင် ထောင်ပြင်ရောက်ပေမယ့် ဆက်လက်လုပ်ဆောင်တာပါ။

“ဒီလို နှုတ်ခမ်းဆိုးဆေးတစ်တောင့်ဟာ အကျဉ်းသူ ကျွန်မတို့တွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးတယ်။ လွတ်လပ်ခွင့် ချုပ်ခြယ်ခံရတဲ့နေရာမှာ ကိုယ်ပိုင်ပြဌာန်းချက်ကို ဖော်ပြနိုင်တဲ့ အသိစိတ်မျိုးကို ပေးစွမ်းတယ်။”လို့ တော်ဝင်မိသားစုကို လှောင်ပြောင်တယ်ဆိုပြီး အာဏာပိုင်တွေရဲ့ ထောင်တန်းအချခံခဲ့ရတဲ့ ပရွန်တစ်က ပြောပါတယ်။

အကျဉ်းသူတွေအနေနဲ့က ချက်ရေးပြုတ်ရေးမှာ ဝင်လုပ်တာ၊ လက်မှုပစ္စည်း လုပ်ကိုင်တာမျိုးတွေကနေ ဝင်ငွေအနည်းငယ် ရကြပါတယ်။ ဒီလို ရလာတဲ့ ဝင်ငွေကို ထောင်တွင်း ကုန်စုံဆိုင်လေးတွေကနေ လစဉ်သုံးပစ္စည်းလို အခြေခံလိုအပ်ရာတွေကို ဝယ်ယူတတ်ကြပါတယ်။ ဒီကုန်စုံဆိုင်လေးတွေက အကျဉ်းသူတွေအတွက် တစ်နေ့  ၁၀ ဒေါ်လာ အထိပဲ ဝယ်ခွင့် ကန့်သတ်ထားပါတယ်။

“အလှအပ ပစ္စည်း ရဖို့က အရမ်းခက်ခဲပြီး အရမ်းလည်း စျေးကြီးတယ်။”လို့ ပရွန်တစ်က အေအက်ဖ်ပီကို ပြောပါတယ်။ ထောင်တွင်းစတိုးဆိုင်တွေကနေ တစ်ချို့အကျဉ်းသူတွေက အလှကုန်ပစ္စည်းတွေ အကုန်ဝယ်ထားပြီး အခြားသူတွေကို စျေးတင်ပြီး ရောင်းနေတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဒီစျေးကွက်စီးပွားရေးဟာ ထောင်ဝင်းအတွင်းမှာ တွင်ကျယ်နေပါတယ်။ ထောင်ရဲ့ ဘုတ်အလုပ်တွေကနေ၊ မိသားစုဆွေမျိုးတွေဆီကနေ ရတဲ့ ငွေကြေးဟာ ဒီလို ပစ္စည်းပစ္စယတွေ ဝယ်ယူရာမှာ အကျဉ်းသူတွေအတွက် မှောင်ခိုစျေး ပေးနေရတာဖြစ်ပါတယ်။

“ဒီထောင်စတိုးဆိုင်က ပစ္စည်းတွေကို စျေးတင်ပြီး ပြန်ရောင်းတာကြောင့် ငွေတွေဟာ ထောင်အတွက် မဖြစ်လာဘဲ ထောင်ထဲမှာ သြဇာကြီးကြတဲ့ အကျဉ်းသူတွေ အိတ်ကပ်ထဲပဲ ရောက်ကုန်တာဖြစ်ပါတယ်။”လို့ ပရွန်တစ်က ဆိုပါတယ်။

အခု အချိန်မှာတော့ သက် ၂၉ နှစ်ရှိတဲ့ ပရွန်တစ်နဲ့ အတူ မိတ်ဟောင်းဆွေဟောင်း အမျိုးသမီးတွေဟာ ထောင်တွင်းက အကျဉ်းသူတွေ အလှအပ ပြင်ဆင်နိုင်ပြီး စိတ်ဓာတ် မြှင့်တင်ပေးနိုင်ဖို့အတွက် ရီဆိုင်ကယ် နှုတ်ခမ်းနီးတွေကို ဖန်တီးထုတ်လုပ်ပေးနေပါတယ်။

ပရွန်တစ်ရဲ့ ခုလုပ်ငန်းမှာ လာရောက်လှုဒါန်းကြတဲ့ နှုတ်ခမ်းဆိုးဆေးအဟောင်းတွေကို လှီးဖြတ်ပေါင်းစပ်လို့ ပြန်လည်ပေါင်းခံကာ ရီဆိုင်ကယ် ဖန်တီးထုတ်လုပ်ပြီး အမျိုးသမီးအကျဉ်းထောင်တစ်ခုကို သွားရောက်လှုဒါန်းမှာ ဖြစ်ပါတယ်။

“အလှအပဆိုတာ အကူအညီ ပေးနိုင်ပါတယ်။ အကူအညီ ဖြစ်စေပါတယ်။ အကျဉ်းထောင်လို နေရာမျိုး ရောက်နေတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ မြင့်မားအောင်   ထောက်ကူပြုနေတာပဲဖြစ်ပါတယ်။”လို့  ပရွန်တစ်ရဲ့ ခုလုပ်ငန်း ပရောဂျက်မှာ အလှကုန်ပစ္စည်းတွေ လိုက်လံစုဆောင်း ရယူပေးနေသူ ဖက်ရှင်ဘလော့ဂါဖြစ်တဲ့ ဝတ်တန်နီက ပြောခဲ့့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly