ပေါ်တူဂီ ကမ်းခြေတွင် အရေးပေါ်ဆင်းသက်သည့် လေယာဉ်ငယ် တိုက်မိ၍ နှစ်ဦး သေဆုံး

ပေါ်တူဂီ ကမ်းခြေတွင် အရေးပေါ်ဆင်းသက်သည့် လေယာဉ်ငယ် တိုက်မိ၍ နှစ်ဦး သေဆုံး

သြဂုတ် ၃ ။                ။ ပေါ်တူဂီနိုင်ငံက လူစည်းကားတဲ့ ကမ်းခြေတစ်ခုမှာ သြဂုတ်လ ၂ ရက်က စက်ချို့ယွင်းလို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ငယ်တစ်စင်းက အပန်းဖြေနေသူနှစ်ဦးကို ၀င်တိုက်မိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်တိုက်ခံရတဲ့ အပန်းဖြေသူနှစ်ဦးကတော့ သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

လစ္စဘွန်းမြို့ တောင်ဘက် ၁၂ မိုင်အကွာက Sao Joao da Caparica ကမ်းခြေမှာ အဆိုပါ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့စဉ်က လူရာနဲ့ချီ ရှိနေခဲ့တာဖြစ်ပြီး ၎င်းတို့အနေနဲ့ လေယာဉ်သံကို သိပ်မကြားခဲ့ရဘူးလို့ ဆိုပြီး အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ရှိသူတွေက ပေါ်တူဂီမီဒီယာတွေကို ပြောတယ်လို့ သိရပါတယ်။

" ဒီဖြစ်စဉ်က မြန်မြန်ဆန်ဆန်ပဲ ရုတ်တရက်ဖြစ်သွားတာပါ၊ လူတွေ ထွက်ပြေးဖို့တောင် အချိန်မရလိုက်ဘူး" လို့ ယင်းကမ်းခြေမှာ သားဖြစ်သူနဲ့အတူ   ရောက်ရှိနေခဲ့ပြီး   လေယာဉ်ပျက်ကျမှုကို   မြင်တွေ့ခဲ့သူတစ်ဦးဖြစ်တဲ့ အင်းနရစ် ကိုလ်ဟိုက ပြောပါတယ်။

သေဆုံးသွားသူနှစ်ဦးကတော့ အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ သက်လတ် အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။

လေယာဉ်ငယ်ပေါ်ပါ နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပြီး ၎င်းတို့ကိုတော့ စစ်ဆေးမေးမြန်းဖို့ ရဲက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်က Aviacao Aerocondor လေယာဉ်ပျံသန်းမှု လေ့ကျင့်သင်ကြားရေးကျောင်းက လေယာဉ်တစ်စင်းဖြစ်ကြောင်း၊ အခင်းဖြစ်စဉ်မှာတော့ ကျောင်းသားတစ်ဦးနဲ့ ထရိန်နာတစ်ဦးတို့ လိုက်ပါလာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly