ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ကို ဆက်ရှာပေးသွားမည်ဟု အမေရိကန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်း

ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ကို ဆက်ရှာပေးသွားမည်ဟု အမေရိကန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်း

သြဂုတ် ၃ ။                   ။ ယခုနှစ်အစောပိုင်းက ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည့် ပျောက်ဆုံး မလေးရှား MH370 လေယာဉ်ကို တာဝန်ယူ ဆက်ရှာပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းအဆိုပြုထားသည်ဟု မလေးရှားအစိုးရက ပြောသည်။

၂၀၁၄ မတ်လက ပျောက်ဆုံးသွားသည့် လူပေါင်း ၂၃၉ ဦးပါ ဘိုးအင်း ရ၇၇ လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ကျယ်ပြန့်တဲ့ ရေအောက်နေရာအနှံ့ ရှာဖွေနေခဲ့သော်လည်း အစအနပင် ရှာမတွေ့ခဲ့ခြင်းကြောင့် ယခုနှစ် ဇန်နဝါရီလက ရှာဖွေရေးလုပ်ငန်းများကို ဖျက်သိမ်းထားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးနှင့် အဆင့်မြင့်ဆုံး ရေအောက်ရှာဖွေရေးကုမ္ပဏီဟုဆိုသည့် အမေရိကန် ပင်လယ်ရေအောက်ရှာဖွေရေးကုမ္ပဏီ Ocean Infinity က ယခုလေယာဉ်ပျောက်ရှာပုံတော် ဆက်ဖွင့်ပေးသွား မည်ဟု  ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း မလေးရှားအစိုးရဝန်ကြီးတစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီဘက်က ယခု လေယာဉ်ရှာဖွေရေးလုပ်ငန်းများကို ဆက်လုပ်ပေးပါမည်ဟု ကမ်းလှမ်းလာကြောင်း၊ လေယာဉ် ရှာတွေ့မှသာ ယင်းအတွက် အဖိုးအခ ပေးရန် တောင်းဆိုထားကြောင်း မလေးရှားပို့ဆောင်ရေးဒုဝန်ကြီး အေဇစ် ကာပရာဝီက ပြောသွားသည်။

ထိုကဲ့သို့ သက်ဆိုင်ရာ နိုင်ငံများ လက်လျှော့ထားခဲ့ရသည့် လေယာဉ်ပျောက်ရှာဖွေရေးလုပ်ငန်းများကို ယခုကဲ့သို့ အမေရိကန်ကုမ္ပဏီဘက်က ဆက်ရှာပေးမည်ဟု ကမ်းလှမ်းလာခဲ့ခြင်းက   လေယာဉ်ပေါ်ပါရှိသွားသူများ၏ ဆွေမျိုးများအတွက် အားတက်စရာ ဖြစ်လာခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly