အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များမှာ အမှန်တကယ်နစ်နာသူများဖြစ်ဟု စွပ်စွဲခံရသူ စုမွန်လတ် ထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များမှာ အမှန်တကယ်နစ်နာသူများဖြစ်ဟု စွပ်စွဲခံရသူ စုမွန်လတ် ထွက်ဆို

ရန်ကုန်၊ သြဂုတ် ၃ ။             ။ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူလုပ်ကိုင်ရင်း နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးငယ်နှစ်ဦးအမှုတွင် အမှန်တ ကယ်နစ်နာသူများမှာ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များ ဖြစ်သည်ဟု ဒေါ်တင်သူဇာ၏သမီးဖြစ်သူ စုမွန်လတ်က သြဂုတ်လ ၃ ရက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ တရားခွင်ရှေ့တွင် ထွက်ဆိုခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဖြစ်သည့် အင်းဝအပ်ချုပ်ဆိုင်မိသားစုကို ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှစတင်ကာ တရားခွင်တွင် စစ်ဆေးနေခြင်းဖြစ်ပြီး သြဂုတ်လ ၃ ရက် ရုံးချိန်းတွင်စွပ်စွဲခံရသူ စုမွန်လတ်အား တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ခရိုင်ဥပဒေအရာရှိမှ အပြန်အလှန်မေးခွန်းများမေးမြန်းစဉ် စုမွန်လတ်က ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

မစန်းကေခိုင်အား စုမွန်လတ်မှ နေအိမ်အပြင်သို့သွားစဉ် အိမ်သော့များသာမက လက်ဝတ်ရတနာများ၊ စာရွက် စာတမ်းများ၊ အကျႌပိတ်စများပါ အပ်နှံထားခဲ့ပြီး ၎င်းနေအိမ်တွင် အိမ်အကူသဘောမျိုး မဟုတ်ဘဲ ညီမအရင်း သဖွယ်ထားရှိကာ ကလေးများနှင့် ပန်းချီဆွဲခြင်း၊ ကစားခြင်းများသာ ပြုလုပ်စေခဲ့ပြီး အိမ်တွင်လည်း ထမင်း မချက်သည့်အတွက် အိမ်အပြင်သို့ ထမင်း၊ ဟင်း ထွက်ဝယ်ခိုင်း   လေ့သာရှိကြောင်း၊ ထို့ကြောင့် ယခုအမှုတွင် အမှန်တကယ်ထိခိုက် နစ်နာသူများမှာ ၎င်းတို့ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦး သာဖြစ်ကြောင်း စုမွန်လတ်က ထွက်ဆိုသည်။ 

အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းလေးငယ်နှစ်ဦးအနက် မစန်းကေခိုင်မှာ စုမွန်လတ် နေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့သူဖြစ်သည်။

မစန်းကေခိုင်နဖူးတွင် ပုလင်းဖြင့် ရိုက်၍ ရရှိခဲ့သော ဒဏ်ရာ၊ လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုး၍ ရရှိသော ဒဏ်ရာ၊ ယာလက်ပြင်ရှိ အမာရွတ်ကြီး ၅ ခု၊ ယာဘက်တံတောင်ဆစ်အောက်ရှိ မီးခြစ်ဖြင့် ခြစ်၍ ထိုးထား သည့် အမာရွတ်တို့နှင့် ခန္ဓာကိုယ်အနှံအပြားရှိ အမာရွတ်တို့မှာ  မစန်းကေခိုင် သူမရွာတွင် နေထိုင်စဉ်က တည်းကရရှိခဲ့သော ဒဏ်ရာအမာရွတ်များသာဖြစ်ပြီး ၎င်းအနေဖြင့် မစန်းကေခိုင်အား တစ်ခါမျှပင် မရိုက်ခဲ့ဖူး ကြောင်း စုမွန်လတ်က ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

ထို့ပြင် မစန်းကေခိုင်၏ လက်ချောင်း ၁ဝ ချောင်းလုံးကျိုးနေခြင်းမှာ ၎င်းနှင့် ခင်ပွန်းဖြစ်သူ ရာဇာထွန်းတို့ ပြုလုပ်၍ ကျိုးခဲ့ခြင်းမဟုတ်ဘဲ မစန်းကေခိုင် ရွာပြန်သွားသည့်အချိန်မှ ကျိုးခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်တွင် နေထိုင်စဉ်က လက်ချောင်းများကျိုးခဲ့ခြင်းမရှိကြောင်း  စွပ်စွဲခံရသူ စုမွန်လတ်က  ခရိုင်ဥပဒေအရာရှိ မေးမြန်းချက်ကို ငြင်းဆိုခဲ့သည်။

မစန်းကေခိုင်အား လွန်ခဲ့သော ၅ နှစ်ခန့်မှ အိမ်အကူလုပ်ကိုင်စေခဲ့ပြီး ၂ နှစ်အထိသာ လုပ်စာလခ ပေးသည်ဟု ဆိုသော အချက်မှာ မှန်ကန်ခြင်းမရှိဘဲ ၎င်းကို စဉ်းစားပြီး ပူးပေါင်းလုပ်ကြံစွပ်စွဲခြင်းသာ   ဖြစ်ကြောင်း၊၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မစန်းကေခိုင် မိဘများက ဆိုင်ကယ်ဝယ်ရန်အတွက် ကြိုတင်လစာငွေများထုတ်ယူခဲ့ပြီး   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး   ကော်မရှင်ရုံးတွင်လည်း လုပ်အားခနှင့် နစ်နာကြေးဟုဆိုကာ မစန်းကေ ခိုင်မိခင်က ပြောဆို၍ ငွေကျပ်သိန်း ၄ဝ ကို ယူသွားခဲ့သည့်အတွက် အမှန်တကယ်ခေါင်းပုံဖြတ်သူများမှာ မစန်း ကေခိုင် မိဘများသာဖြစ်ကြောင်း စွပ်စွဲခံရသူ စုမွန်လတ်က ထွက်ဆိုသည်။

ထို့ပြင် မစန်းကေခိုင်မှာ ရုံးတော်တွင် ထွက်ဆိုစဉ်က သူမဓာတ်ပုံကို သူမပုံမဟုတ်ဟု ထွက်ဆိုခဲ့သည့်အချက်နှင့် စုမွန်လတ်တို့က မစန်းကေခိုင်ကို ရုပ်ရှင်အနုပညာကွင်းများဆီသို့ အလည်ခေါ်သွားလေ့ ရှိသည်ကို  မဟုတ်ပါဟု ထွက်ဆိုခဲ့သည့်အတွက် မစန်းကေခိုင်မှာ ရိုးသားသူတစ်ယောက်မဟုတ်ဟု စုမွန်လတ်က ရုံးတော်တွင် စွပ်စွဲ ထွက်ဆိုခဲ့သည်။ 

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင် တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်းကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးမှ လာမည့် သြဂုတ်လ ၁ဝ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်ပြီး အဆိုပါရုံးချိန်းတွင်လည်း စွပ်စွဲခံထားရသည့် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များကိုသာ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly