ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို သမ္မတ ထရမ့်က မတတ်သာ၍ လက်မှတ်ရေးထိုး

ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို သမ္မတ ထရမ့်က မတတ်သာ၍ လက်မှတ်ရေးထိုး

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၃ ။             ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ပြည်တွင်းဖိအားကြောင့် ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်အား သြဂုတ် ၂ ရက်က စိတ်မပါစွာ လက်မှတ်ရေးထိုးခဲ့ရရာ ကရင်မလင်နှင့် ဆက်ဆံရေးကောင်းမွန်အောင် အားထုတ်နေမှုအတွက် ခလုတ်ကန်သင်း ဖြစ်လာစေသည်။

ယခု ဒဏ်ခတ်ပိတ်ဆို့မှုသစ် ဥပဒေပြုမှုကို တစ်ချို့အပိုင်းများတွင် သဘောမတူသော်လည်း အမျိုးသားစည်းလုံးညီညွတ်မှု အကျိုးစီးပွားအတွက် သမ္မတ ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ဆာရတ်ရှ်ဆန်းဒါးက သတင်းထုတ်ပြန်မှုတွင် ပြောသည်။

အဆိုပါ သတင်းထုတ်ပြန်မှုတွင် အကြီးတန်းမူဝါဒရေးရာ အကြံပေး စတီဗင်မီလာကလည်း ထရမ့်အဆိုပြုသည့် ရလဒ်ကောင်းအခြေခံ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အသေးစိတ် ပြောဆိုခဲ့သည်။

ယခု ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှင်ချမှတ်ခြင်းသည် ရုရှအပေါ် စီးပွားရေးစစ်ခင်းကြေညာခြင်း သဘော သက်ရောက်နေသည်ဟု ရုရှဝန်ကြီးချုပ် မက်ဗီဒက်က ပြောပြီး ထရမ့်၏ လုံးလုံး စွမ်းဆောင်ရည်မဲ့မှုနှင့် အရှက်ရစရာဖြစ်ရပ်တို့ကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုလိုက်သည်။

“အမေရိကန် အစိုးရသစ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတော့မယ် မျှော်လင့်ထားတာကို အဆုံးသတ်သွားစေတာပဲဖြစ်တယ်။”ဟု မက်ဗီဒက်က ဖေ့ဘုတ်တွင် ရေးသားသည်။

အဆိုပါ ဒဏ်ခတ်မှုဥပဒေ အတည်မဖြစ်ရေး အိမ်ဖြူတော်၏ ကြိုးပမ်းမှုသည် လွှတ်တော်အင်အားကြောင့် အရေးနိမ့်ခဲ့ပြီးနောက် ထရမ့်က တံခါးပိတ်ကာ ဥပဒေကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
 
လက်မှတ်ရေးထိုးမှု ထုတ်ပြန်ချက်တွင် စိတ်မကျေနပ်မှုများ ပါဝင်နေရာ သမ္မတ ထရမ့်အနေဖြင့် မဖြစ်သာ၍ လက်မှတ်ထိုးလိုက်ရခြင်းကို ဖော်ပြနေသည်။ ထို ထုတ်ပြန်ချက်တွင် ယခုဥပဒေက အနာအဆာများ အပြည့်ရှိနေသည်ဟု ထရမ့်က ပြောဆိုထားခဲ့သည်။

ယခုဒဏ်ခတ်သည့် ဥပဒေတွင် မြောက်ကိုရီးယားနှင့် အီရန်တို့အပေါ် ပိတ်ဆို့မှုများလည်း ပါဝင်သည်။ ရုရှ၏ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားသလို ရုရှပိုက်လိုင်းစီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများကို ဆက်ရှင်ချမှတ်နိုင်ခြင်းနှင့် ရုရှလက်နက်တင်ပို့သူအချို့ကိုလည်း ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ်ဖြစ်သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags