မာဒါဂတ်စကားတွင် ခရစ်ယာန်ဝတ်ပြုသူများ တင်ဆောင်လာသော ဘတ်စ်ကား လျှိုထဲထိုးကျ၍ ၃၄ ဦးသေဆုံး

မာဒါဂတ်စကားတွင် ခရစ်ယာန်ဝတ်ပြုသူများ တင်ဆောင်လာသော ဘတ်စ်ကား လျှိုထဲထိုးကျ၍ ၃၄ ဦးသေဆုံး

အန်တာနန်နာရီဗို၊ သြဂုတ် ၃ ။           ။ အရှေ့အာဖရိကရှိ အိန္ဒိယသမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သော မာဒါဂတ်စကားနိုင်ငံတွင် သြဂုတ် ၂ ရက်က ခရစ်ယာန်လူငယ်ဝတ်ပြုသူများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး လျှိုမြောင်နက်ထဲ ထိုးကျရာမှ အနည်းဆုံး လူ ၃၄ ဦးသေဆုံးကြောင်း ရဲနှင့် ဆေးရုံတာဝန်ရှိသူများက ပြောသည်။

မြို့တော် အန်တာနန်နာရီဗို မြောက်ဖက် ၄၅ မိုင်အကွာတွင် ဖြစ်ပွားသော ကားထိုးကျရာ နေရာတွင် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရကြောင်း ရဲက ပြောသည်။

ညည့်နက်ပိုင်းက အဆိုပါ ကားလျှိုထဲကျမှုဖြစ်ခဲ့ရာတွင် သေဆုံးသူ ၂၂ ဦးကို မည်သူမည်ဝါဖြစ်သည် ခွဲခြားထားနိုင်ပြီကြောင်း ဆေးရုံက ဆိုသည်။

“ဘတ်စ်ကားက တောင်ကုန်း တောင်တက်လမ်းပေါ် စက်ကုန်ဖွင့် တက်နေရာကနေ မီတာ ၂၀ အနက် လျှိုမြောင်ထဲကို ထိုးကျခဲ့တာဖြစ်ပါတယ်။”ဟု ရဲဌာန ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။

“လျှိုထဲ ဒလိမ့်ကောက်ကွေး လိမ့်ကျခဲ့တာဖြစ်ပြီး နောက်တော့ မီးထလောင်တာပါပဲ။”ဟု ၄င်းက ပြောသည်။

အဖြူရောင်ယင်းဘတ်စ်ကားသည် ပက်လက်အနေအထား မှောက်နေကာ ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီး မီးလောင်ကျွမ်းနေသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။

ဘတ်စ်ကားပေါ် လိုက်ပါသော ခရီးသည်များသည် ဆိုယာဗင်နန်ဒရီယာနာမြို့မှ အနောက်မြောက်ပိုင်း ကမ်းခြေမြို့ မဟာဂျန်ဂါမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း အစည်းအဝေးသို့ သွားရောက်စဉ် ယခုကဲ့သို့ ယာဉ်မတော်တဆမှု အဖြစ်ဆိုး ကြံုတွေ့ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly