ဂျာမနီမြေပေါ် ပြန်ပေးဆွဲမှုကို ဗီယက်နမ်က ကျုးလွန်ခဲ့သည်ဟု စွပ်စွဲလျက် သံအမတ်ကြီးကို သမ္မန်ဆင့်ခေါ်ထား

ဂျာမနီမြေပေါ် ပြန်ပေးဆွဲမှုကို ဗီယက်နမ်က ကျုးလွန်ခဲ့သည်ဟု စွပ်စွဲလျက် သံအမတ်ကြီးကို သမ္မန်ဆင့်ခေါ်ထား
ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မာတင်ရှီးဖား အား တွေ့ရစဉ်။

ဘာလင်၊ သြဂုတ် ၂ ။           ။ ဂျာမနီနယ်မြေအတွင်း နိုင်ငံရေးခိုလှုံခွင့် ရရန်ကြိုးစားနေသူတစ်ဦးအား ဗီယက်နမ်နိုင်ငံက ပြန်ပေးဆွဲသွားခဲ့ကြောင်း စွပ်စွဲလျက် ဂျာမနီဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအား   ပြင်းထန်သည့် သမ္မန်ဆင့်ခေါ်လိုက်သလို ဗီယက်နမ်သူလျှိုတစ်ဦးကိုလည်း နိုင်ငံတွင်းက နှင်ထုတ်လိုက်သည်။

"ဂျာမနီနိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ ကြိုးစားနေတဲ့ ဗီယက်နမ်နိုင်ငံသား ထရန်ဇူအန်သန်းကို ပြန်ပေးဆွဲသွားတယ်ဆိုတာ ဂျာမနီနဲ့ နိုင်ငံတကာ ဥပဒေကို မကြံုဘူးတဲ့၊ ရှက်ဖွယ်ဖြစ်တဲ့ ချိုးဖောက်မှုပါပဲ။"ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မာတင်ရှီးဖားက ပြောပြီး ၎င်းအမျိုးသားကို ဂျာမနီမြေပေါ်၌ ဗီယက်နမ် သူလျှိုအေဂျင်စီနှင့် သံရုံးတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။

"ဒီလို လုပ်ရပ်မျိုးရဲ့ အကျိုးဆက်ကတော့ ဗီယက်နမ်သံရုံးမှာ ရှိနေတဲ့ ထောက်လှမ်းရေးကွန်ရက်က သူတစ်ဦးကို သံတမန်အရေးအရာကနေ ရုပ်သိမ်းပြီး ၄၈ နာရီအတွင်း နိုင်ငံတွင်းက ထွက်ခွာခိုင်းပြီး တုံ့ပြန်လိုက်ရတာပဲ ဖြစ်ပါတယ်။"ဟု ရှီးဖားက ဆိုသည်။

ယခုအရေးကိစ္စနှင့် ပတ်သက်ပြီး ဗီယက်နမ်သံအမတ်ကြီးကိုလည်း သမ္မန်ဆင့်ခေါ်ထားကြောင်း၊ ယခုအရေးအရာသည် ဂျာမနီ ဗီယက်နမ် ဆက်ဆံရေးကို ထိခိုက်လာစေနိုင်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောသည်။

ထရန်ဇူအန်သန်းအား ဇူလိုင် ၂၃ ရက်က ဘာလင်ရှိ ပန်းခြံတစ်ခုတွင် လက်နက်ကိုင်တစ်စုက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဂျာမနီသတင်းများက ဖော်ပြသည်။

ဇူလိုင် ၃၁ ရက်တွင် ၎င်းအား ဗီယက်နမ်တွင် ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်။ ၎င်းသည် အာဏာပိုင်များထံ ကိုယ်တိုင်လာရောက် အဖမ်းခံခြင်းဖြစ်သည်ဟု ဗီယက်နမ်နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

ဗီယက်နမ် နိုင်ငံပိုင် Petro Vietnam Construction Corporation အား ကွပ်ကဲခဲ့ရသူ ထရန်သည် ယင်းကုမ္ပဏီ၌ အမေရိကန်ဒေါ်လာ ၁၄၈ သန်း ပျောက်ဆုံးနေမှုဖြင့် စွပ်စွဲခံထားရသူဖြစ်ကြောင်း ဂျာမနီသတင်းဌာန DPA က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly