မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိုင်းအရှေ့မြောက်ပိုင်း၌ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေ

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိုင်းအရှေ့မြောက်ပိုင်း၌ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေ

သြဂုတ် ၁ ။        ။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒေသများ၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း   သတင်းတစ်ရပ်မှာ ဖော်ပြထားသည်။

ယင်းရေကြီးမှု ကြုံတွေ့နေခဲ့ရသည့် ဒေသများမှ ဒေသခံ ၂,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင်   ဒေသရှိနေရာတစ်ချို့တွင် ရေပြန်ကျနေခဲ့ပြီ ဖြစ်သော်လည်း ခရိုင် ၁၂ ခုမှာ ယခုထက်ထိ ရေလွှမ်းမိုးမှုဒဏ် ဆက်လက်ခံစားနေရလျက်ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ယခုလက်ရှိအချိန်ထိ ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံး ခံစားနေခဲ့ရသည့် Sakhon Nakhon ခရိုင်ရှိ အဓိကလေဆိပ်ကို ယခုထက်ထိ ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံအရှေ့မြောက် ဒေသနှစ်ခုဖြစ်သည့် Sakhon Nakhon နှင့် Roiet တို့မှာ ရေလွှမ်းမိုးမှု အဆိုးရွားဆုံး ခံစားနေရသည့် ဒေသများ ဖြစ်ကြသည်။ ယာယီကယ်ဆယ်ရေးစခန်း အနည်းဆုံး ခြောက်ခုထိ ဖွင့်လှစ်ထားပြီး လူပေါင်း ၁,၇၀၀ ကျော် ခေါ်ယူနေရာချထားပေးရကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ မိုးရာသီကာလအတွင်း ယခုကဲ့သို့ ရေကြီးမှုဖြစ်စဉ်များမှာ ပုံမှန်ကြံုတွေ့နေရလေ့ရှိသော်လည်း ယခုနှစ် အဆိုပါဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုမှာ ဆယ်စုနှစ် နှစ်စုအတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly