မကွေးတိုင်း ပျောက်ဆုံးရန်ပုံငွေမှ လက်ကျန်ငွေ ကျပ်သန်း ၅၇၀အား ပြန်လည်ပေးအပ်

မကွေးတိုင်း ပျောက်ဆုံးရန်ပုံငွေမှ လက်ကျန်ငွေ ကျပ်သန်း ၅၇၀အား ပြန်လည်ပေးအပ်

မကွေး၊ ဇူလိုင် ၃၁ ။          ။ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများမှ လက်ကျန်ငွေ ကျပ်သန်း(၅၇၀)အား ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့ နေလည် ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရသို့ လာရောက် အပ်နှံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ပေးရန်ရှိသည့် ကျပ် ၁ ဒသမ ၅၇ဘီလီယံကျော်အနက် မေလ ၄ ရက်နေ့က ကျပ်သိန်း(၃၀၀၀)၊ မေလ ၅ ရက်နေ့က ကျပ်သိန်း(၅၀၀၀) ၊ မေလ ၃၀ရက်နေ့က ကျပ်သန်း(၂၀၀)နှင့် ယနေ့ ကျပ်သန်း(၅၇၀) ထပ်မံလာရောက် ပေးသွင်းခဲ့၍ ပေးထားသည့် ကတိအတိုင်း ဇူလိုင်လ နောက်ဆုံးအပတ်တွင် အပြီးပေးသွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများသို့ပြောသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ဧပြီလ ၃၀ ရက် ညနေပိုင်းအချိန်ခန့်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေကျပ်(၇.၄၅၉)ဘီလီယံ ပျောက်ဆုံး နေသည်ဟု စာရင်းပေါ်ပေါက်ကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ကြံ့ခိုင်ရေးပါတီသို့ (၁.၇)ဘီလီယံနှင့်ရွှေသုခအသေးစားငွေရေးကြေးရေးအသင်းသို့ (၁.၇)ဘီလီယံ လွှဲပြောင်းပေးထားကြောင်း   ပေါ်ပေါက်သည့်အတွက် နိင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ ယခင်ဝန်ကြီးချုပ်ထ ပြန်လည်တောင်းခံခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုအဆင့်က နိင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ အဲ့ဒီ(၃.၂၇၅)ဘီလီယံကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကို ပြန်ပေးပါလို့ ဦးဘုန်းမော်ရွှေထံ စာနဲ့အကြောင်းကြား
ခဲ့ပါတယ်။ ဦးဘုန်းမော်ရွှေက သူရဲ့ကိုယ်စားလှယ် ဦးကြည်ထွန်းကနေ တဆင့် ယာဉ်ယန္တရားတွေရော ပေးစရာရှိတဲ့ကျပ် (၃.၂၇၅)ဘီလီယံရော ပေးမယ်ပြန်စာအရ အရစ်ကျ ဆက်လက်ပေးဆပ်လာခဲ့ တာဟာ။  မြန်မာ့စီးပွားရေးဘဏ်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရငွေစာရင်းမှာ လာရောက် အပ်နှံမှုအရ ဒီကနေ့ဆို စက်ယန္တရားတွေရယ် ၊ ပေးရန်ငွေ အားလုံးရပြီး ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး  ဦးနေမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

ဆက်လက်၍ “ ကျန်တဲ့ကျပ် (၄)ဘီလီယံက စုံစမ်းစစ်ဆေးစဉ်ကာလက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားတယ်ဆိုလို့ ကျွန်တော်တို့ ဘာမှဆောင်ရွက်ခွင့် မရသေးဘူး။ ဒါကို ပြည်ထောင်စု အဆင့် စာရင်းစစ်ချုပ်ရဲ့ ညွှန်ကြားချက်အရ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်တဲ့ နေရာတွေက အမှန်တကယ် လုပ်ကိုင်ခဲ့မှု ရှိမရှိဆိုတဲ့ အပိုင်းရယ် ။ပြည်ထောင်စုဘတ်ဂျက်အပိုင်းနဲ့ ထပ်နေသလား၊ တိုင်းဒေသကြီး ရံပုံငွေဘတ်ဂျက် လုပ်ငန်းစဉ်တွေနဲ့ ထပ်နေသလားဆိုတာကတော့ စုံစမ်း စစ်ဆေးမှုတွေကို သက်ဆိုင်ရာ စာရင်းစစ်ဌာနတွေက ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီးဦးနေမျိုးကျော်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly