တောင်ဥက္ကလာ ထ-၃ကျောင်းနောက်တွင် ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

တောင်ဥက္ကလာ ထ-၃ကျောင်းနောက်တွင် ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

ရန်ုကုန်၊ ဇူလိုင်လ ၃၁ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း နောက်ဘက် ခြံစည်းရိုးအနီးရေအိုင်စပ်တွင် ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည့် အသက် ၄ဝ နှစ်ခန့်ရှိ အမည်မသိအမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသားရုပ်အလောင်းအား ဇူလိုင်လ ၃၁ ရက်၊ နံနက် ရ နာရီခွဲအချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းနောက်ဘက် ခြံစည်းရိုးအနီးရေအိုင်စပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက်လည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ခါးနောက်ကျော ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက်ညိုးနှင့် လက်ခလယ် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ယင်းအမျိုးသားရုပ်အလောင်းအား သတင်းအရ တောင်ဥက္ကလာပမြို့ နယ်ရဲတပ်ဖွဲ့မှ သက်သေများအတူ သွားရောက်ကြည့်ရှုခဲ့ရာ သေဆုံးသူမှာ အသက် ၄ဝ နှစ်ခန့်၊ အရပ် ၅ ပေ၊ ၆ လက်မခန့်၊ အသားဖြူ၊ ခန္ဓာကိုယ်တောင့်၊ အဖြူရောင်တီရှပ်ဝတ်ဆင်လျက် ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားဝတ်ဆင်ထားသော အဖြူရောင်တီရှပ် နောက်ကျောဘက်တွင် ပြင်ဦးလွင်ရောက် အမှတ်တရ စာသားပါရှိပြီး ရှေ့ဘက်တွင်လည်း ပြင်ဦးလွင်မြို့ရှိ တရုတ်ဘုံကျောင်းရုပ်ပုံ၊ နာရီစင်ရုပ်ပုံ၊ ပွဲကောက် ရေတံခွန် ရုပ်ပုံများ ပါရှိပါသည်။

လက်ရှိတွင် သေဆုံးသူနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် ထုတ်ပြန်ထားပြီး ရဲတပ်ဖွဲ့သို့ ဆက်သွယ်အသိပေးလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ Call Center 199၊ 01-2323199၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး 01-8610681၊ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး 01-561398၊ တောင်ဥက္ကလာပမြို့မရဲစခန်း 01-561642၊ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှူး 09-5132511၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှူး 09-5281566 သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly