မူးယစ်ကုန်သွယ်မှုနှင့် ပတ်သက်နေသည့် ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်

မူးယစ်ကုန်သွယ်မှုနှင့် ပတ်သက်နေသည့် ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်

ဇူလိုင် ၃၁ ။              ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း၏ မြောက်ပိုင်းဒေသတစ်ခု၌ ဇူလိုင် ၃၀ ရက် ရဲတပ်ဖွဲ့၏ မူးယစ် စီးနင်းမှုတစ်ခုအတွင်း မြို့တော်ဝန်တစ်ဦးလည်း ပစ်သတ်ခံခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံရှိ Misamis Occidental ခရိုင် Ozamiz မြို့တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က မူးယစ်နှိမ်နင်းရေး စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့ရာ လူပေါင်း ၁၅ ဦး ကို အသေပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ယင်းမြို့၏ မြို့တော်ဝန်ကိုယ်တိုင်လည်း ပစ်သတ်ခံရသူများထဲတွင် တစ်ဦးအဖြစ် ပါ၀င်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက Ozamiz မြို့တော်ဝန် Parajinog Sr ၏ နေအိမ်တွင် တရားမဝင် လိုင်စင်မဲ့ လက်နက်ခဲယမ်းများ ရှိနေသည်ဆိုသော သတင်းအရ သွားရောက်ရှာဖွေရန် လုပ်ဆောင်စဉ် မြို့တော်ဝန်နေအိမ်ရှိ သေနတ်သမားများက ခုခံခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားပြီး မြို့တော်ဝန် အပါအဝင် အခြား ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့အကြီးအကဲ Jovie Espenido က ပြောသည်။

ယခု ဖြစ်စဉ်တွင် သေဆုံးသွားသည့် မြို့တော်ဝန် နှင့် ၎င်း၏ ဆွေမျိုးများမှာ တရားမဝင် မူးယစ်ရောင်းဝယ်မှုနှင့် လက်နက်ကုန်သွယ်မှုတို့တွင် ပါ၀င်ပတ်သက်နေခဲ့သည့် သံသယဖြင့် ယခုကဲ့သို့ သွားရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

" အစိုးရရဲ့ မူးယစ်နှိမ်နင်းမှုတွေထဲမှာတော့ နှိမ်နင်းခံရသူတွေထဲမှာတော့ သူက ရာထူးကြီးတဲ့တစ်ယောက်ပါ၊ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ လုပ်ရမှာပါ၊ ကျွန်တော်တို့အားလုံး ဒီမူးယစ်ရာဇာတွေကို ကြောက်နေရမယ်ဆိုရင် တရားဥပဒေစိုးမိုးမှု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ?" ဆိုပြီး Jovie Espenido က ပြောကြားသွားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly