မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘများထံမှ ထွက်ပြေးလာသော ကလေးများအနက် ရက် ၂ဝ အရွယ်ကလေးငယ် ကျန်းမာရေးကောင်းမွန်လာ

မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘများထံမှ ထွက်ပြေးလာသော ကလေးများအနက် ရက် ၂ဝ အရွယ်ကလေးငယ် ကျန်းမာရေးကောင်းမွန်လာ

ရန်ကုန်၊ ဇူလိုင်လ ၃၁ ။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာနေ မူးယစ်ဆေးစွဲနေသော မိဘများထံမှ ထွက်ပြေးလာသော ကလေးများအနက် ရက် ၂ဝ အရွယ် ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လာပြီဟု ကူညီပေးနေသည့် မိုးကုတ်မြို့၊ မြတ်စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

လက်ရှိတွင် အဆိုပါ ရက် ၂ဝ အရွယ်ကလေးငယ်အား မိုးကုတ်မြို့နယ်ဆေးရုံးကြီးရှိ ကလေးအထူးကုကြပ်မတ် ကုသဆောင်တွင် ထားရှိကာ ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

“အခုက ကလေးငယ်ကို ကလေးအထူးကု ကြပ်မတ်ကုသဆောင်မှာ ထားပြီးတော့မှ ဆရာဝန်ကြီးတွေက စောင့်ရှောက်ကုသပေးနေပါတယ်။ ကလေးက အဟာရချို့တဲ့ပြီး အားနည်းနေတဲ့အတွက် ဆရာဝန်တွေက အာဟာရပေးပြီးကုသပေးတာဆိုတော့ အခုလက်ရှိတော့ တော်တော်လေး ကျန်းမာရေးကောင်းမွန်နေပါပြီ”ဟု ဦးဝင်းဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးစွဲနေသော မိဘများထံမှ သမီးကြီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးက ဦးဆောင်ပြီး ၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး၊ ၂ နှစ်နှင့် ရက် ၂ဝ အရွယ် မိန်းကလေးနှစ်ဦးကို ခေါ်ဆောင်ကာ ဇူလိုင်လ ၂၃ ရက်က မိုးမိတ်မြို့ထဲသို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးစွဲနေသော မိဘများထံမှ ထွက်ပြေးလာသော ကလေး ၄ ဦးအနက် ဇူလိုင်လ ၂၅ ရက်တွင် အသက် ၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးနှင့် ဇူလိုင်လ ၂၉ ရက်တွင် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဆုံးပါးခဲ့သည်။

ဖြစ်စဉ်မှာ ထွက်ပြေးလာသော ကလေး ၄ ဦးအနက် ၃ ဦးမှာ ကျန်းမာရေးမကောင်းသဖြင့်  အဒေါ်ဖြစ်သူ၏ကူညီမှုကြောင့် မိုးမိတ်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပြီး ဆေးကုသမှုခံ ယူနေစဉ်  ဇူလိုင်လ ၂၄ ရက်၊ နံနက် ၁ဝ နာရီခန့်တွင်က ၅နှစ်အရွယ် ယောင်္ကျားလေးမှာ အာဟာရပြတ်လပ်သည့်ဒဏ်ဖြင့် သေဆုံးခဲ့သည်။

ထိုသို့ သေဆုံးခဲ့သည့်အတွက် ကျန်ရှိသည့် ကလေးငယ် ၃ ဦးအား မိုးမိတ်ရွှေပါရမီပရဟိတအသင်းနှင့် စေတနာရှင်များက ကလေးအထူးကုရှိသည့် မိုးကုတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၆ နာရီတွင် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီခန့်အချိန်တွင် ၂ နှစ်အရွယ် မိန်းလေးငယ်တစ်ဦးမှာ ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထွက်ပြေးလာသူ ကလေး ၄ ယောက်အနက် အဆိုပါ ဆေးကုမှုခံယူနေသည့် ရက် ၂ဝ အရွယ် မိန်းကလေးတစ်ဦးနှင့် မနန်းလှလှထွေးတို့သာ ကျန်ရှိခဲ့သည်။

ဇူလိုင်လ ၃ဝ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ကျန်ရှိနေသည့် ကလေးငယ် ၂ ဦးအား လာရောက်ကြည့်ရှုခဲ့ပြီး လက်ရှိတွင် ကလေးငယ်များအား ကူညီစောင့်ရှောက်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆရာဝန်ကြီးများဖြင့် အစည်း အဝေးပြုလုပ်နေကြောင်း သိရသည်။

“ဆုံးဖြတ်ချက်တော့ မချသေးပါဘူး။ အကြီးမလေးကို ကျောင်းထားပေးမယ့် ကိစ္စတွေနဲ့၊ အငယ်မလေးကို လူကယ်ပြန်ဌာနအောက်မှာ ကလေးသူငယ်စောင့်ရှောက်တဲ့ ဌာနလေးရှိတယ်။ အဲ့ဒီကနေပဲ ကလေးကို စောင့်ရှောက်ပေးသွားမယ့်အကြောင်းတွေ ဆွေးနွေးနေတယ်လို့ သိရတယ်။ အခုက အစည်းအဝေးလုပ် နေတုန်းပေါ့။ အဖြေမထွက်သေးဘူး။ ကလေးမတွေရဲ့အဒေါ်ဖြစ်သူတွေကလည်း မဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်။ ကလေးတွေရဲ့ မိဘတွေဘက်က တစ်ခုခု သူတို့အပေါ်မှာ အပြစ်တင်ပြီး ရန်ရှာမှာတွေကို စိုးရိမ်တာပေါ့နော်”ဟု ကူညီပေးနေသည့် မိုးကုတ်မြို့၊ မြတ်စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက ပြောသည်။

အဆိုပါ အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးတွင် အသက် ၁၄ နှစ်အရွယ် အစ်ကိုတစ်ဦးရှိပြီး ရန်ကုန်မြို့တွင် ကိုရင်ဝတ်နေကြောင်း၊ မနန်းလှလှထွေးတွင် စုစုပေါင်း မွေးချင်းမောင်နှမ ၅ ဦးရှိကြောင်းသိရသည်။

 အဆိုပါ မူးယစ်ဆေးစွဲနေသော မိဘများထံက ထွက်ပြေးလာသော ကလေးများမှာ (တအာင်း)ပလောင်လူမျိုး ဖြစ်ပြီး ကျောက်လုံးကြီးကျေးရွာမှ ကလေးငယ်သုံးဦးကို ခေါ်ယူထွက်ပြေးခဲ့သည့် အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးမှာ  စာသင်ကြားခဲ့ခြင်းမရှိဘဲ  မူးယစ်ဆေးစွဲနေသည့် မိဘများကို လယ်ယာလုပ်ငန်း လုပ်ကိုင်ကာ ပြန်လည်လုပ်ကျွေးနေသူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly