ပြည်မြို့တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့ မှတဆင့် ညစဉ် ရဲတပ်ဖွဲ့ကင်းများသို့ လှူဒါန်းမှုအား ရပ်နားမည်

ပြည်မြို့တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့ မှတဆင့် ညစဉ် ရဲတပ်ဖွဲ့ကင်းများသို့ လှူဒါန်းမှုအား ရပ်နားမည်

ပြည်၊ ဇူလိုင် ၃၁ ။              ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့က  ညပိုင်းလုံခြံုရေး ဆောင်ရွက်နေသည့် ရဲပတ်ကင်းလှည့်ကင်း ရပ်ကင်းများကို အစားအသောက် နှင့် ငွေကြေးလှူဒါန်း ခြင်းအား ဇူလိုင် ၃၀ ရက်နေ့အထိသာ ပြုလုပ်တော့မည်ဖြစ်ကြောင်း ၄င်းအဖွဲ့မှသိရသည်။

“ဒုစရိုက်မှုတွေ ပါးသွားတာလည်း ပါတယ်။ အလှူရှင်တွေရဲ့ငွေကြေးလှူဒါန်းမှု အင်အားအရရော၊ ကျွန်တော်တို့ အဖွဲ့ ရဲ့လှူဒါန်းမှုကို ရပ်နားဦးမယ်”ဟု ပြည်မြို့နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့မှ ဦးအေးလွင်က ဆိုသည်။

ပြည်မြို့တွင် မှုခင်းကြီးများဖြစ်ပေါ်နေသည့် အတွက် မြို့ခံ ဥပဒေပညာရှင်များ ၊ ရဲအရာရှိဟောင်းများ ၊ နိုင်ငံရေးအင်အားစုများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပြည်မြို့နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့ကို  ဇူလိုင် ၁၅   ရက်တွင် ဖွဲ့စည်းခဲ့သည်။ မြို့နယ်အတွင်း  ညပိုင်းလုံခြံုရေး ဆောင်ရွက်သည့် လှည့်ကင်း ၊ ပတ်ကင်း ရပ်ကင်း ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော်ကို အလှူရှင်များ ၏ လှူဒါန်းမှု ဖြင့် အစားအသောက်နှင့် ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

ယင်းအဖွဲ့က ဇူလိုင် ၃၀ ရက်အထိ ၁၅ ရက်ဆက်တိုက် စုစုပေါင်းလှူဒါန်းငွေ နှင့်ပစ္စည်းတန်ဘိုး ငွေကျပ်သိန်း (၂၀) ခန့်ရှိခဲ့ပြီး လှူဒါန်းအပြီးပိုလျှံငွေ (၄) သိန်း (၂)သောင်းကို လမ်းမီးတိုင်များ ပြုပြင်ရေး လုပ်ဆောင် သွားမည်ဖြစ်ပြီး  ပြည်မြို့နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုအဖွဲ့မှ သိရသည်။

၄င်း အဖွဲ့၏ လှူဒါန်းမှု ရပ်နားသွားသော်လည်း ရဲကင်းများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး ပြည်မြို့နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း ဦးအေးလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly