တောင်ပြံုးပွဲတော် ဆက် ကျင်းပခွင့်ပြု၊ မပြု အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပြီး မီဒီယာသမားများအား မဖိတ်ကြားဟုဆို

တောင်ပြံုးပွဲတော် ဆက် ကျင်းပခွင့်ပြု၊ မပြု အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပြီး မီဒီယာသမားများအား မဖိတ်ကြားဟုဆို

တောင်ပြံုးပွဲတော် ဆက်လက်ကျင်းပခွင့်၊ပြုသင့် မပြုသင့် အရေးပေါ်အစည်းအဝေးကို ဇူလိုင်လ ၃၀ ရက်၊မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်နေရာ သတင်းလာရောက်ယူသည့် မီဒီယာသမားများကို ဝင်ခွင့်မပြုဘဲ မီဒီယာသမားများနှင့် မဆိုင်ကြောင်း ၎င်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက ပြောသည်။

"ဒါ မီဒီယာနဲ့မဆိုင်ဘူး။ မင်းတို့ကို ဘယ်သူဖိတ်ထားတာလဲ။ ငါတို့ဖိတ်မထားဘူး။"ဟု ဦဇော်တင်မိုးက လာရောက်သတင်းယူသည့် မီဒီယာသမားများကိုပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တောင်ပြံုးပွဲ ကျင်းပသင့်၊ မကျင်းပသင့်ကိစ္စနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးပြုလုပ်မည်ကို သတင်းဌာနတစ်ချို့တွင် ၎င်းညွှန်ကြားရေးမှူးကိုယ်တိုင် ဖြေကြားထားသည်။

"ပြည်သူကို ချပြရမယ့်ကိစ္စကို ဒီလိုလုပ်တာတော့ မကောင်းဘူး။"ဟု မန္တလေးအခြေစိုက် သတင်းထောက် ကိုဌေးလှအောင်ကပြောသည်။

"အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူသိသင့်တယ်။ ပြည်သူသိအောင်လုပ်ပေးဖို့က ကျွန်တော်တို့မှာလဲ တာဝန်ရှိတယ်။ ဒါကို မီဒီယာနဲ့ မဆိုင်ဘူးဆိုတာကတော့ နားလည်ရခက်တယ်။"ဟု သတင်းလာရောက်ယူသည့် မန္တလေးအခြေစိုက် သတင်းထောက် ကိုနိုင်လင်းထွန်းကပြောသည်။

တောင်ပြံုးပွဲတော်ကာလ ၊ မန္တလေးတိုင်းဒေသကြီးအတွင်း H1N1 လူနာတွေ့ရှိပါက ပွဲတော်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင်(၂၈)ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် အစည်းအဝေးအရ ဆုံးဖြတ်ထားသည်။

ထို့ပြင် H1N1 ရောဂါဖြင့် ယနေ့အထိ တစ်နိုင်ငံလုံး သေဆုံးသူ ၉ ဦးရှိသည်ဟု အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

H1N1 ရောဂါ ကာကွယ်ရေးနှင့်မပြန့်ပွားရေးအတွက်လည်း တောင်ပြံုးပွဲရှိ ဇာတ်ပွဲများနှင့်ရုပ်ရှင်ရုံတစ်ရုံကို ဇူလိုင်လ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပခွင့်ပိတ်ထားခဲ့ပြီးဖြစ်သည်။

မီဒီယာသမားများအနေဖြင့် သတင်းရရှိစေရန်အတွက် အရေးပေါ်အစည်းအဝေးအပြီးကို ဆက်လက်စောင့်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly