မော်ရင်ဟိုနှင့် ရာနီရေရီတို့ကဲ့သို့ မဖြစ်လိုဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

မော်ရင်ဟိုနှင့် ရာနီရေရီတို့ကဲ့သို့ မဖြစ်လိုဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

ဇူလိုင် ၃၀၊ အင်္ဂလန် ။           ။ICC ပြိုင်ပွဲတွင် အင်တာမီလန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးနည်းပြ ကွန်တီက မော်ရင်ဟိုနှင့် ရာနီရေရီတို့ကဲ့သို့ မဖြစ်လိုကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးနည်းပြဟောင်းမော်ရင်ဟိုနှင့် လက်စတာနည်းပြ ရာနီရေရီတို့မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုများကို ရယူနိုင်ခဲ့ပြီးနောက် ရာသီသစ်တွင် အသင်း၏ခြေစွမ်းကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ကွန်တီကလည်း ထိုကဲ့သို့အဖြစ်မျိုးကြုံတွေ့လာမည်ကို စိုးရိမ်လျက်ရှိသည်။ “လာမယ့်ရာသီသစ်က ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကလို ချန်ပီယံဖြစ်ပြီးမှ နောက်ရာသီမှာ အဆင့် ၁၀ ဖြစ်သွားတာမျိုး မဖြစ်ချင်ပါဘူး။

မော်ရင်ဟိုနဲ့ရာနီရေရီတို့ဟာ ချန်ပီယံဖြစ်ပြီးမှ အသင်းကနေ ထုတ်ပယ်ခံခဲ့ကြရပါတယ်။ အဲ့ဒီလိုမျိုး ကျွန်တော်မဖြစ်ချင်ပါဘူး။ ကစားသမားတွေကလည်း မဖြစ်ချင်ကြပါဘူး။ အလုပ်ကို အကောင်းဆုံးကြိုးစား လုပ်နေပါတယ်။ ပြဿနာကို ကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အသင်းမှာ လူငယ်ကစားသမားတွေလည်း အများကြီးရှိပါတယ်။ လိုအပ်ရင် သူတို့ကိုလည်း အသုံးပြုသွားမှာပါ” ဟု ကွန်တီက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် နောက်ဆုံးကစားခဲ့သည့် ခြေစမ်းပွဲသုံးပွဲတွင် အာဆင်နယ်ကို ၃-၀ ဖြင့်နိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ကို ၃-၂၊ အင်တာမီလန်ကို ၂-၁ ရလဒ်များဖြင့် ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly