အဖျားရောဂါခံစားနေရသောကြောင့် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်းနားရက်ထပ်ပေးထား

အဖျားရောဂါခံစားနေရသောကြောင့် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်းနားရက်ထပ်ပေးထား

ဇူလိုင် ၃၀၊ အင်္ဂလန် ။          ။ ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်မှာ အဖျားရောဂါခံစားနေရသောကြောင့် နားရက်ထပ်တိုးပေးထားကြောင်း အာဆင်နယ်အသင်းက ထုတ်ပြန်ကြေညာသည်။

ဆန်းချက်ဇ်သည် ယနေ့(တနင်္ဂနွေနေ့)တွင် အာဆင်နယ်အသင်းထံ သတင်းပြန်ပို့ရမည်ဖြစ်ပြီး အသင်းနှင့်ပြန်လည်ပူးပေါင်းရမည် ဖြစ်သည်။ သို့သော် ၎င်းမှာ ဖျားနေသည့်အတွက် လာမည့် အင်္ဂါနေ့တွင်မှ အသင်းနှင့်ပူးပေါင်းနိုင်တော့မည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်း၏ ဆရာဝန်က ဆန်းချက်ဇ်ကိုသွားရောက်တွေ့ဆုံခဲ့ပြီး အဖျားရောဂါခံစားနေရကြောင်း အတည်ပြုပေးခဲ့သည်။

“ဆန်းချက်ဇ်က အခုဖျားနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က သူနဲ့ စာအဆက်အသွယ်ရပါတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံး အသင်းနဲ့ပြန်ပူးပေါင်းမှာပါ။ တနင်္ဂနွေနေ့မှာတော့ အသင်းနဲ့ပူးပေါင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ လာမယ့်အဂါင်္နေ့မှာ အသင်းနဲ့ ပြန်ပူးပေါင်းမှာပါ” ဟု အာစင်ဝင်းဂါးက ပြောသည်။

ဆန်းချက်သည် ချီလီအသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကစားထားရသည့်အတွက် အာဆင်နယ်အသင်းက ခွင့်ရက်ပိုပေးထားခြင်း ဖြစ်သည်။ ၎င်းဖျားနေသည့်ပုံကို ဆန်းချက်ဇ်က လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဆန်းချက်ဇ်၏စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး ချန်ပီယံလိဂ်ကစားလိုသောကြောင့် အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည်။ သို့သော် နည်းပြ အာစင်ဝင်းဂါးက ဆန်းချက်ဇ်ကို ရောင်းချမည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly