အမှုဆိုင်နေသော အိမ်အကူမိန်းကလေးကို ခြိမ်းခြောက်ခေါ်ဆောင်သွားသူအား ဖမ်းဆီးရမိ

အမှုဆိုင်နေသော အိမ်အကူမိန်းကလေးကို ခြိမ်းခြောက်ခေါ်ဆောင်သွားသူအား ဖမ်းဆီးရမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ ၂၉ ။            ။ နှိပ်စက်ခံရမှုကြောင့် အမှုရင်ဆိုင်ရန်လာစဉ် လမ်းတွင် ၂၁ ရက်ကြာပျောက်ဆုံးခဲ့သည့် အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ခြိမ်းခြောက်ခေါ်ဆောင်ကာ ရက် ၂ဝ ကြာ သားမယားပြုကျင့် ခဲ့သူအား ဖမ်းဆီးရမိ၍ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ဇူလိုင်လ ၂၇ ရက်နေ့၊ ည ၁ဝ နာရီ အချိန် ခန့်တွင် အသက် ၂ဝ အရွယ် ရဲထွဋ်(ခ) အောင်ဆန်းလင်း (ခ)ကုလားလေးဆိုသူအား မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ အင်ကြင်းလမ်းသွယ်ရှိ ၎င်းနေထိုင်သော မြသုခအဆောင်မှ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့ရာမှ အိမ်ရှင်မှ ညှင်းပန်းနှိပ်စက်ခံရသောကြောင့်  

မိန်းကလေးငယ်၏ အဖွားဖြစ်သူက အမှုဖွင့်ခဲ့ပြီး တရားရုံးတွင် သက်သေခံရန် အတွက် လာရောက်ရာ မှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

၂၄ ရက်ကြာ ပျောက်ဆုံးသွားသော မိန်းကလေးငယ်မှာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ၄င်းအဖွား နေထိုင်သော မြစ်သားမြို့သို့ပြန်လည်ရောက်ရှိလာပြီး မိန်းလေးငယ်က အဖွားဖြစ်သူအား ပြောပြချက် အရ ရဲထွဋ်ဆိုသူက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

မိန်းကလေးငယ်မှာ ရက် ၂၀ ကျော်အကြာတွင် ထွက်ပြေးလာခဲ့ပြီးနောက် ဇူလိုင်လ ၂၇ ရက်နေ့တွင် ၄င်းကိုယ် တိုင် တရားလိုပြုလုပ်ပြီး ရဲထွဋ်(ခ)ကုလားလေးဆိုသူ အပါအဝင်လူ ၃ ဦးအား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ) ၉၇၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆/၃၆၃/၁၁၄ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ရဲထွဋ်(ခ)အောင်ဆန်းလင်း(ခ)ကုလားလေးဆိုသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ပြီီး မိန်းကလေးငယ်အား ထပ်မံစစ်ဆေးမေးမြန်းကာ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်း ပါဝင်ခဲ့သူများကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly