ငါးဖယ်ငါးဆုပ်ချဉ်ပေါင်ဟင်း

ငါးဖယ်ငါးဆုပ်ချဉ်ပေါင်ဟင်း

မင်္ဂလာပါ

ဒီတပတ်တော့  ငါးဖယ်ငါးဆုပ်ချဉ်ပေါင်ဟင်းလေးချက်စားကြရအောင်။ငါးဖယ်က အရသာရှိပြီး စားကောင်းတာမို့ အိမ်သူအိမ်သားတွေ အကြိုက်ညီမယ့် ဟင်းတခွက်ပါ။

ချက်ပြုတ်ဖို့ အတွက် လို အပ်တာတွေကတော့

ငါးဖယ်                       ၂၅သား

ချဉ်ပေါင်ရွက်                အနည်းငယ်

ကိုင်းခရမ်းချဉ်သီး           ၁လုံး

ကြက်သွန် ဖြူ /နီ         အနည်းငယ်

ငရုတ်သီးအပုမှုန့်        အနည်းငယ်

ငရုတ်သီးစိမ်း              အနည်းငယ်

တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ငါးဖယ်ကို ဆား နနွင်း လေးဖြူးပြီး ကြက်သွန်ဖြူလေးနဲ့ စီးပိုင်လာအောင်ထောင်းပေးပါ။ ငါးဖယ်က ထောင်းနိုင်လေ ထုတ်ထုတ်လေးနဲ့ စားကောင်းလေပါပဲ၊ ပြီးရင်တော့  ငါးဖယ်ကို အနေတော်လေး ငါးဆုပ် ဆုပ်ထားပေးပါ။

ပြီးရင် ကြက်သွန်ဖြူ နီ နဲ့ ငရုတ်သီးမှုန့် ခရမ်းချဉ်သီးတို့ကို ရောထောင်းပြီးဆီသတ်ပါ။ ဆီကို  အနည်းငယ်ပဲ ထည့်ပါ။  ငရုတ်သီးစိမ်း ပါထည့်ပါ။ မွှေးပြီး အရောင်ပြောင်းလာတဲ့ အထိ ဆီသတ်ပေးပါ။

ငရုတ်သီးဆီသတ်တာ ရပြီဆိုရင် ငါးဖယ်ငါးဆုပ် လေးတွေထည့်ပါ။ ဟင်းအငွေ့လေးနဲ့ပဲ ငါးဆုပ်အပေါ်ယံ တင်းသွားအောင် ချက်ပါ။အရမ်း မမွှေရပါဘူး၊

ငါးဖယ်ငါးဆုပ်ကို ဟင်း အနှစ်ပေါ် ၂မိနစ်လောက်ထားပြီးရင်တော့ အနှစ်နဲ့ ငါးဆုပ်ကို သမအောင်မွှေပေးပါ။

ငါးဆုပ်လေးတွေ တင်းပြီး အညှီနံ့ပျောက်လောက်ပြီဆိုရင်တော့ ချဉ်ပေါင်ရွက်ထည့်ပါ။ အရသာ အတွက် ဆား အနည်းငယ်ထည့်ပေးပါ။

ချဉ်ပေါင်ရွက်တွေ နွမ်းသွားပြီဆိုရင်တော့ ငါးဖယ်ငါးဆုပ်လေးတွေ မြှုပ်လောက်တဲ့အထိ ရေထည့်ပါ။ အိုး မကပ်အောင် မကြာခဏမွှေပေးပါ။

၁၅ မိနစ်လောက်ချက်ပြီးရင်တော့ ငါးဖယ်ငါးဆုပ် ကျက်ပြီး ဟင်းရည်လေးက ဆီလည်ရေလည်လေး ဖြစ်လာပါပြီ။ ဒါဆိုရင်တော့ ဟင်းအိုး မီးပိတ်လို့ ရပါပြီ။ ချဉ်ငံစပ် အရသာနဲ့ ငါးဖယ်ငါးဆုပ် ချဉ်ပေါင်ဟင်းလေး ရပါပြီ။ဟင်းတမယ်ထဲနဲ့ ထမင်းစားလို့မြိန်စေမှာပါ။ ငါးဖယ်ငါးဆုပ် အရသာချိုချိုလေးနဲ့ ချဉ်ပေါင်ရွက်ရဲ့ အချဉ်ဓာတ်ရယ် ဟင်းအနှစ်ကလေးက ချဉ်ငံစပ် အရသာ အကုန်ပါနေတော့ စားပြီးရင်ဆွေမျိုးမေ့ပေါ့နော်။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly