လူငယ်ပရဟိတအသင်းမှ အခြေခံလူတန်းစားများသည့် နေရာများတွင် H1N1ကာကွယ်ရေးများ လုပ်ဆောင်သွားမည်

လူငယ်ပရဟိတအသင်းမှ အခြေခံလူတန်းစားများသည့် နေရာများတွင် H1N1ကာကွယ်ရေးများ လုပ်ဆောင်သွားမည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ဇူလိုင် ၂ ။        ။ ရာသီတုပ်ကွေး A(H1N1) အန္တရာယ် ကြိုတင်ကာကွယ်ရေး ကမ်ပိန်းအဖြစ် လက်ကမ်းစာစောင်များနှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical mask)များဝေငှခြင်းများကို အခြေခံလူတန်းစားများသည့် လူနေထူထပ်သည့် မြို့နယ်များတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်္ဂလာပါ လူငယ် ပရဟိတအသင်းက ကိုဇေယျာထွန်းက ပြောသည်။

“အခြေခံလူတန်းစားအများစုက ကိုယ်ခံအားနည်းကြတယ်။ ကျန်းမာရေးအသိပညာလည်း နည်းကြတယ်။ သူတို့ကို ကိုယ်ချင်းလည်းစာလို့ ဒီလို အခြေခံလူတန်းစားများတဲ့ လူဦးရေထူထပ်တဲ့ ဒလတို့၊ လှိုင်သာယာတို့လို နေရာတွေကို ရွေးဖြစ်ခဲ့တာပါ၊ အဓိကကတော့ တုပ်ကွေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်အောင် နှိုးဆော်ပေးတာပါ” ဟု မင်္ဂလာပါ လူငယ် ပရဟိတအသင်းက ကိုဇေယျာထွန်းက မဇ္စျိမကိုပြောသည်။

အဆိုပါ ကမ်ပိန်းကို လူထုကျန်းမာရေးအသိပညာပေးလှုပ်ရှားမှု အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီး နှာခေါင်းစည်းဝေငှရာတွင် ပျမ်းမျှအားဖြင့် တစ်ယောက်ကို တစ်ခုနှုန်းဝေခဲ့ကာ   နှာခေါင်းစည်းတပ်ဆင်ပုံနှင့် စနစ်တကျစွန့်ပစ်ပုံကိုပါ တစ်ပါတည်း ပြောခဲ့ကြောင်း သိရသည်။

 ဇူလိုင် ၂၈ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် ပြုလုပ်ခဲ့သည့် ရာသီတုပ်ကွေးဆိုင်ရာ အစည်းအဝေးမှာလည်း တက်ရောက်ခဲ့ကြသည့် တိုင်းကျန်းမာရေးက ဆရာဝန်ကြီးများက ရာသီတုပ်ကွေး A(H1N1)အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူထံ အသိပေးရာတွင်လည်း လူမှုအဖွဲ့အစည်းများကပါ ပူးပေါင်းကူညီပေးရန် ညွှန်ကြားထားသည်။

မင်္ဂလာပါ လူငယ်ပရဟိတအသင်းအနေနှင့် ကမ်ပိန်း၏ အစအဖြစ် ယမန်နေ့ညနေ ငါးနာရီခန့်ကစပြီး သမိုင်းလမ်းဆုံတဝိုက်တွင် လက်ကမ်းစာစောင်များနှင့်အတူ နှာခေါင်းစည်းအခုရေ ၂၀၀၀ခန့် ဝေငှခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရာသီတုပ်ကွေး A(H1N1) ကူးစက်ခံထားရသူ ၃၅ဦးရှိနေပြီး သေဆုံးသူ ခြောက်ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly