မန်ယူနှင့်ချယ်လ်ဆီးတို့မှ ပစ်မှတ်ထားနေသည့် ဘယ်လ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းတိုး

မန်ယူနှင့်ချယ်လ်ဆီးတို့မှ ပစ်မှတ်ထားနေသည့် ဘယ်လ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းတိုး

ဇူလိုင် ၂၈၊ အင်္ဂလန် ။            ။ မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် အလိုရှိနေသည့် ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ရိုးမားအသင်းနှင့်လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ နိုင်ဂိုလန်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးနှစ်သင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ရိုးမားနှင့် ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စာချုပ်သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် နိုင်ဂိုလန်က “ကျွန်တော့်စိတ်ထဲမှာ အမြဲပဲလုပ်ချင်နေတဲ့အရာကို သက်သေပြလိုက်တာပါ။ ကျွန်တော်ရိုးမားအသင်းမှာ ပျော်ပါတယ်” ဟု ဆိုသည်။

နိုင်ဂိုလန်သည် ၂၀၁၄ ခုနှစ်က ကက်ဂလီယာရီအသင်းမှ ရိုးမားသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ ပွဲပေါင်း ၁၆၁ ပွဲ ပါ၀င်ကစားပေးထားပြီး ၂၇ ဂိုးသွင်းယူပေးထားသည်။

“နိုင်ဂိုလန်က သူ့ရဲ့ကစားသမားဘဝ အရေးအကြီးဆုံးအချိန်ကို ကျွန်တော်တို့နဲ့အတူဖြစ်ကျော်ဖို့ ရွေးချယ်ခဲ့တာကြောင့် တကယ်ကို ၀မ်းသာမိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဆိုတာကို သက်သေပြခဲ့ပါတယ်။

သူ့ကို ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေက ခေါ်ယူချင်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ သူက ဘယ်အခွင့်အရေးကိုမှ မယူခဲ့ပါဘူး။ ရိုးမားကို သူချစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလွန်ပျော်ပါတယ်” ဟု ရိုးမားအသင်းဥက္ကဋ္ဌ ဂျင်ပယ်လော့တာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly