တပ်နှစ်တပ် ထိပ်တိုက်ဆိုင်နေသည့် အိန္ဒိယနှင့် တရုတ် နယ်စပ်အရေး လိပ်ခဲတည်းလည်း ရှိနေ

တပ်နှစ်တပ် ထိပ်တိုက်ဆိုင်နေသည့် အိန္ဒိယနှင့် တရုတ် နယ်စပ်အရေး လိပ်ခဲတည်းလည်း ရှိနေ

ပေကျင်း၊ ဇူလိုင် ၂၇ ။           ။ အစွန်အဖျား ဟိမဝန္တာကုန်းမြင့်ဒေသ နယ်စပ်တစ်လျှောက် တပ်စွဲထားကြသည့် အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ်ကြားက လိပ်ခဲတည်းလည်း အခြေအနေသည် ရေရှည်တင်းမာမှုများကို မီးမောင်းထိုးပြနေသည်။

အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံကြားရှိ ဘုရင့်နိုင်ငံငယ် ဘူတန်နိုင်ငံအတွက် နျူကလီယားလက်နက်ပိုင် နိုင်ငံကြီး နှစ်နိုင်ငံကြား ပိတ်မိနေသည့် အခြေအနေတွင် ကျရောက်လျက် ရှိနေသည်။

နယ်စပ်အစွန်ဖျားဖြစ်သော်လည်း မဟာဗျူဟာ အဓိကကျသည့် ဒေသဖြစ်သော ယင်းနယ်မြေအရပ်မှ  တပ်ဖွဲ့များ ပြန်ရုပ်ကြရန် နှစ်ဖက်စလုံးက ငြင်းဆန်ထားကြခြင်းကြောင့် တစ်လကျော်ကြာ ရတက်မအေးနိုင်သည့် အခြေအနေ ဖြစ်တည်လျက် ရှိခြင်းလည်းဖြစ်သည်။

အဆိုပါ နယ်မြေမှာ တရုတ်နှင့် ဘူတန်ကြား အငြင်းပွားနေခြင်း ဖြစ်သော်လည်း ဒေသတွင်း တရုတ်၏ ကြီးထွားလာနေသော စစ်အင်အားနှင့် မျှော်မှန်းရာတို့အပေါ် စိုးရိမ်ပူပန်ခြင်းကြောင့် အိန္ဒိယက ခပ်မဆိတ် မနေနိုင်ဘဲ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နယ်စပ်ပြဿနာသည် ဇွန်လလယ်က အိန္ဒိယအခေါ် ဒေါ့လမ်နယ်မြေ၊ တရုတ်အခေါ် ဒေါင်လန်းနယ်မြေတစ်လျှောက် တရုတ်စစ်သားများ လမ်းချဲ့ထွင်ဖောက်လုပ်ချိန်မှ စတင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ဘူတန်၏ နီးစပ်သည့် မဟာမိတ်ဖြစ်သော အိန္ဒိယက ယင်းလမ်းဖောက်လုပ်ရေး ရပ်တန့်သွားအောင် တပ်ဖွဲ့များ ဖြန့်ကြက်လာရာ နယ်မြေကျုးကျော်ခြင်းဟု တရုတ်ဖက်က စွပ်စွဲပြောဆိုလာခဲ့သည်။

တပ်ဖြန့်ချထားမှုကို ထပ်၍အရှိန်မြှင့် လုပ်ဆောင်မည်ဟု ယခုသီတင်းပတ်အတွင်း တရုတ်ဖက်ကလည်း သတိပေးထားသည်။ မည်သည့် အထူးဆွေးနွေးမှုမျိုးမှ မပေါ်ပေါက်လာသေးခင် အိန္ဒိယသာ် ၎င်း၏ တပ်ဖွဲ့များကို ဦးစွာရုပ်သိမ်းရမည်ဟုလည်း တရုတ်က ဆိုထားသည်။

အိန္ဒိယဖက်ကမူ နှစ်ဖက်စလုံး ကိုယ့်တပ်ကို ပြန်ရုပ်သိမ်းမှ ဖြစ်မည်ဟု ပြောသည်။

"ဒီပြဿနာကို ဖြေရှင်းဖို့က ရိုးရိုးလေးပါ။ အိန္ဒိယစစ်တပ်က ရိုးရိုးသားသား တပ်ပြန်ပ်သိမ်း သွားလိုက်ဖို့ပါပဲ။"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ယခုသီတင်းပတ်အတွင်း ပြောခဲ့သည်။

အဆိုပါ သောင်မတင် ရေမကျ အခြေအနေကို ဇူလိုင် ၂၇ ရက်တွင် ပေကျင်းသို့ လာရောက်သည့် အိန္ဒိယအမျိုးသားလုံခြံုရေးအကြံပေး ဒိုဗယ်၏ ခရီးစဉ်အတွင်း ဆွေးနွေးကြဖွယ် ရှိသော်လည်း နှစ်ဖက်စလုံးတွင် တပ်ပြန်ရုပ်သိမ်းကြမည့် အရိပ်လက္ခဏာမျိုးကိုမူ မတွေ့ရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly