ဗင်နီဇွဲလားရှိ အထွေထွေသပိတ်မှောက်ပွဲများ၌ ၁ဦးသေဆုံးပြီး လူ ၅၀ခန့် အဖမ်းခံရ

ဗင်နီဇွဲလားရှိ အထွေထွေသပိတ်မှောက်ပွဲများ၌ ၁ဦးသေဆုံးပြီး လူ ၅၀ခန့် အဖမ်းခံရ

ကာရာကတ်စ်၊ ဇူလိုင် ၂၇ ။               ။ ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သည့် ၄၈နာရီကြာ အထွေထွေ သပိတ်မှောက်ပွဲကို ဗုဒ္ဓဟူးနေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီး လုံခြံုရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် လူတစ်ဦး သေဆုံးကာ အနည်းဆုံး လူ ၅၀ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အစိုးရမဟုတ်သည့်အဖွဲ့အစည်း FPV ၏ ပြောဆို ချက်အရ သိရသည်။

FPV အဖွဲ့၏ အကြီးအကဲဖြစ်သူ အယ်ဖရက်ဒိုရိုမီရို၏ ပြောဆိုချက်အရ အဖမ်းခံခဲ့ရသော လူပေါင်း ၅၀ ထဲမှ ၃၃ဦးခန့်ကို ဇူလီယာပြည်နယ်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ ဦးကို ဖယ်လ်ကွန်ပြည်နယ်၊ အခြား ၂ဦး ကို တာချီရာပြည်နယ်နှင့် နောက်ထပ် ၃ဦးကို မာရီဒါပြည်နယ်အတွင်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

နိုင်ငံတော်လုံခြံုရေးတပ်ဖွဲ့များနှင့် ဆန္ဒပြသူလူအုပ်ကြီးသည် မြို့အများအပြားတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အချင်းများခဲ့ကြသလို သမ္မတနစ်ကိုးလပ်စ်မာဒူယိုအား ဆန့်ကျင်သော ပြည်သူများသည် လမ်းမကြီးများကို ပိတ်ဆို့ပြီး အတားအဆီးများ ချထားခဲ့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရသည်။

မြို့တော်ကာရာကတ်စ်တွင် ဆန္ဒပြသူများသည် အတားအဆီးများနှင့် အမှိုက်ပုံးများကို လမ်းမများပေါ်၌ချထား၍ ပိတ်ဆို့ခဲ့ကြသလို လုံခြံုရေးတပ်ဖွဲ့များက ၄င်းတို့အား မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်ဆန်များကို အသုံးပြု ကာ ဖြိုခွင်းရန်ကြိုးပမ်းခဲ့ကြသော်လည်း လုံခြံုရေးများထွက်ခွာသွားချိန်တွင် ဆန္ဒပြသူများသည် အဖွဲ့ကို ပြည်လည်ဖွဲ့စည်းကာ ဆက်လက်သပိတ်မှောက်ခဲ့ကြသည်။

ဒါ့အပြင် ကာရာကတ်စ်အရှေ့ပိုင်းတွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း အနည်းဆုံး လူ ၄ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း အတိုက်အခံဥပဒေသမားများက ပြောဆိုခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံအတွင်း အစိုးရအဖွဲ့ကို ဆန့်ကျင်သော ဆန္ဒပြပွဲများ အရှိန်အဟုတ်မြင့်တက်လာပြီး မာရီဒါ ပြည်နယ်တွင် အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦး ဆန္ဒပြသစဉ် သေဆုံးခဲ့သောကြောင့် လွန်ခဲ့သော ဧပြီလ ကတည်းက စတင်ခဲ့သည့် သမ္မတမာဒူယိုအားဆန့်ကျင်သော ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၁၀၁ဦးခန့် ရှိလာခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags