အမ်ဘတ်ပီအတွက် 'ကြီးမားတဲ့ မေးမြန်းစုံစမ်းမှုတွေ'ရှိပေမယ့် သဘောတူညီမှု မရရှိသေးဟု မိုနာကိုအသင်း ပြော

အမ်ဘတ်ပီအတွက် 'ကြီးမားတဲ့ မေးမြန်းစုံစမ်းမှုတွေ'ရှိပေမယ့် သဘောတူညီမှု မရရှိသေးဟု မိုနာကိုအသင်း ပြော
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီအတွက် အလွန်ကြီးမားတဲ့ စိတ်ဝင်စားမှုတွေရှိနေပေမယ့် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိနေတယ်ဆိုတာကို ငြင်းဆိုခဲ့ကြောင်း မိုနာကိုအသင်းက ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။

လီဂူ ၁ ချန်ပီယံအသင်းဟာ အမ်ဘတ်ပီအတွက် သဘောတူညီမှု ရရှိခဲ့ပြီဆိုတာနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်ရာ မိုနာကို ဒုတိယဥက္ကဋ္ဌ ဗာဒိမ်ဗာဆလီက ပြင်းဆိုသွားခဲ့တာဖြစ်ပါတယ်။

"ကလပ်အသင်းနဲ့ ဘာသဘောတူညီမှုမျှ မရှိသေးဘူးလို့ ကျနော် သေချာ ပြောကြားလိုပါတယ်။ ကျနောတို့ ဘတ်ပီအတွက် အလွန်ကြီးမားတဲ့ တောင်းဆိုမှု ရှိပါတယ်။ သူဟာ ဘောလုံးကမ္ဘာအတွက် အကြီးမားဆုံး အလားလာရှိသူဖြစ်ပါတယ်။"လို့ ဗာဆလီက ပြောပါတယ်။

ရီးယဲလ်အသင်းမှ ယူရိုသန်း ၁၈၀ (ဒေါ်လာ ၂၀၉.၄၀ သန်း) ကမ်းလှမ်းတယ်လို့ မီဒီယာတွေက ဖော်ပြပေမယ့်လည်း မိုနာကိုအသင်းဟာ ကလပ်ရဲ့ စီးပွားရေးမော်ဒယ်နှင့် ကိုက်ညီမယ့် အသက် ၁၈ နှစ်ရှိ ကစားသမားကို ထိန်းသိမ်းနိုင်ဖို့ စာချုပ်သက်တမ်တိုးမယ့်အကြောင်းကို ဆွေးနွေးနေပြီး ဒါကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗာဆလီက ဆိုပါတယ်။

အမ်ဘတ်ပီဟာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်နဲ့ ထိတွေ့နေတာကြောင့် မီဒီယာတွေက လူငယ်ကစားသမားပေါ် ဖိအားမပေးဖို့ ဗာဆလီက တိုက်တွန်းလိုက်ပါတယ်။

ဗာဆလီက ပြင်သစ်ကလပ် PSG အသင်းက ဘာစီလိုနာမှ နေမာအား ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ သတင်းတွေ ပတ်သက်လို့လည်း ပြောကြားသွားပါတယ်။

"လီဂူ ၁ မှာ နေမာ လာကစားဖို့ဆိုတာ ကောင်းမွန်တဲ့ အရာတစ်ခုလို့ ကျနော် ထင်ပါတယ်။ ဒါဟာ ပြင်သစ်အတွက် ကောင်းမွန်ပါလိမ့်မယ်။"လို့ သူက ပြောပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags