၂၀၄၀ မှစ၍ ဓာတ်ဆီနှင့် ဒီဇယ်ကား ရောင်းချမှု ဗြိတိန် ပိတ်ပင်သွားမည်

၂၀၄၀ မှစ၍ ဓာတ်ဆီနှင့် ဒီဇယ်ကား ရောင်းချမှု ဗြိတိန် ပိတ်ပင်သွားမည်

နိုင်ငံမှာ လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လာမယ့် ၂၀၄၀ ပြည့်နှစ်ကစလို့ ဒီဇယ်နဲ့ ဓာတ်ဆီကားသစ်တွေ ရောင်းချမှု  ပိတ်ပင်တားမြစ်သွားမယ်ဆိုပြီး  ဗြိတိန်သဘာပတ်ဝန်းကျင်ဝန်ကြီး မိုက်ကယ်ဂို့ဗ်က ဇူလိုင်လ ၂၆ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

ယခုလအစောပိုင်းတုန်းကလည်း အလားတူ ဓာတ်ဆီနဲ့ ဒီဇယ်ကားပိတ်ပင်မှုမျိုးကို ပြင်သစ်မှာ ထုတ်ပြန်ကြေညာထားခဲ့သလို စတုဂတ်နဲ့ မြူးနစ်အပါအဝင် ဂျာမနီမြို့ကြီးတစ်ချို့မှာလည်း ယင်းအတိုင်းပိတ်ပင်ချက်ထုတ်ဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အလားတူ လက်ရှိ သွားလာနေတဲ့ ဒီဇယ်ကားတွေကနေ လေထုညစ်ညမ်းစေနေတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စတာလင်ပေါင် ၂၅၅ သန်း ရန်ပုံငွေတစ်ရပ် ထူထောင်မယ်လို့ ဗြိတိန်ဝန်ကြီးတွေက အဆိုပြုထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ နိုင်ငံရဲ့ လေထုအရည်အသွေး သန့်ရှင်းဖို့အတွက် အသုံးစရိတ်စုစုပေါင်း ပေါင် ၃ ဘီလီယံထိ စိုက်ထူသုံးစွဲဖို့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ယခု ၂၀၄၀ ပိတ်ပင်ချက်ဟာ နောက်ကျနေပြီ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုလိုက်ပြီး လစ်ဘရယ် ဒီမိုကရက်တစ်အမတ်တွေကလည်း ယင်းဒီဇယ်ကားသစ်ရောင်းချမှုကို ၂၀၂၅ မတိုင်ခင်လောက်စပြီး ပိတ်ပင်ဖို့ အစိုးရကို တောင်းဆိုနေပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဗြိတိန်အစိုးရအနေနဲ့ကတော့ နိုင်ငံမှာ ကြံုတွေ့နေရတဲ့လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး လုပ်ဆောင်မှုပိုင်း အားနည်းနေတယ်ဆိုပြီး ဖိအားတွေ ကျရောက်နေလျက် ရှိပါတယ်။

ဒါပေမယ့် တစ်ဘက်မှာလည်း ယခု အစိုးရရဲ့ ၂၀၄၀ ပိတ်ပင်ချက်ကြောင့် ပြည်သူတွေနဲ့ နိုင်ငံစီးပွားရေးအပေါ် ပေါင် ထရီလီယံနဲ့ချီ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်စရာ ရှိတယ်လို့လည်း   ဝေဖန်ပြစ်တင်မှုတွေ ရှိလာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly