ကိုးကန့်စော်ဘွားယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ ရန်ကျည်ရှုပ်( လီလီယန်း)အသုဘအခမ်းအနား မူဆယ်တွင် ပြုလုပ်

ကိုးကန့်စော်ဘွားယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ ရန်ကျည်ရှုပ်( လီလီယန်း)အသုဘအခမ်းအနား မူဆယ်တွင် ပြုလုပ်
ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင် ညီမဖြစ်သူ ရန်ကျည်ရှုပ် အားတွေ့ရစဉ်။

ရန်ကုန် ၊ ဇူလိုင်လ ၂၆ ။           ။ ကိုးကန့်စော်ဘွားယန်ကျင့်ဆိုင်၏ ညီမဖြစ်သူအသက် ၉၁နှစ်ရှိသည့် ရန်ကျည်ရှုပ်( လီလီယန်း)သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ပြီိးခဲ့သည့် ဇူလိုင် ၁၃ရက်နေ့တွင် သေဆုံးခဲ့ပြီး အသုဘအခမ်းအနားကို ၁၀ရက်ကျော်ကြာ ကျင်းပခဲ့ပြီး ဇူလိုင်လ ၂၅ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသုဘအခမ်းအနားကို မြန်မာနိုင်ငံရှိ ကိုးကန့်တိုင်းရင်းသားများအပါအဝင် ကိုးကန့်စာပေယဉ်ကျေးမှု၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး၊ နယ်ခြားစောင့်တပ်နှင့် ကိုးကန့်ပြည်သူ့စစ်များ တက်ရောက်ခဲ့ကြသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဖြစ်သူဦးတျောက်တေချန်က “ သူဆုံးတာက ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကပါ။ အသက်အရွယ် ကြီးသွားပြီ။ သူအသက် ၉၁နှစ်ရှိပြီလေ။ ကိုးကန့်တွေ အပေါ် သူ့ကျေးဇူးတွေ အများကြီးရှိတယ်။ လွတ်လပ်ရေးရပြီးချိန်မှာ ကိုးကန့်ဒေသမှာ ဘိန်းအစား ကြံခင်းတွေ၊ လက်ဖက်တွေ၊ သီးနှံတွေ မစိုက်မနေရ သူအမိန့်ထုတ်ခဲ့တယ်။ အခုကိုးကန့် လက်ဖက်ခြောက်တွေ အောင်မြင်တာ သူ့ကြောင့်ကိုး။ အဲတုန်းက ပညာရေးကိုလည်း သူတော်တော်လုပ်ခဲ့တယ်။ အခု အသက်ကြီးတဲ့လူတွေ ပညာတတ်တယ်ဆိုတာ သူနဲ့ သူ့အစ်ကိုကြောင့်လေ”ဟု ပြောသည်။

ကိုးကန့်စော်ဘွားယန်ကျင့်ဆိုင်နှင့် ညီမဖြစ်သူရန်ကျည်ရှုပ်တို့ အုပ်ချုပ်စဉ်ကာလအတွွင်း လော်စစ်ဟန် အပါအဝင် ကိုးကန့်အများစုသည် ပညာရေးကို ကောင်းစွာလေ့လာခွင့် ရရှိခဲ့ကြာင်း ဦးတျောက်တေချန်က ပြောသည်။

 “အရင်တုန်းက ဦးလော်စစ်ဟန်တို့တောင်မှ သူ့ဆီမှာပဲ အလုပ်လုပ်ခဲ့တာလေ။ အဲတုန်းက သူက လုံခြံုရေးယူပေးရတာ။ အဲချိန်တုန်းက သူက ကလေးများကို ပညာရေးတိုးတက်လာစေဖို့ ကျောင်းတွေ ဆောက်ပေးခဲ့တယ်။ ပြီးတော့ ဘိန်းအစားထိုးလုပ်ငန်းကိုလည်း အင်တိုက်အားတိုက် လုပ်ခဲ့တယ်။ အခုကတော့ အသက် ၉၁ နှစ်မှာ ဆုံးတယ်” ဟု ပြောသည်။

ရန်ကျည်ရှုပ်( လီလီယန်း)သည် ၁၉၂၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ် ဆယ်စုနှစ် တစ်ခုအထိ စော်ဘွားအမွေများကို ဆက်ခံခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ရာ ယခုအသက် ၉၁နှစ်အရွယ် မူဆယ်တွင် သူ၏ သားတော်နေအိမ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly