ရုရှ၊ အီရန်နှင့် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကန်အောက်လွှတ်တော်က တစ်ခဲနက်အတည်ပြု

ရုရှ၊ အီရန်နှင့် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကန်အောက်လွှတ်တော်က တစ်ခဲနက်အတည်ပြု

ဝါရှင်တန်၊ ဇူလိုင် ၂၆ ။                ။ အမေရိကန်အောက်လွှတ်တော်သည် ရုရှ၊ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အပေါ် တင်းကြပ်သော ဒဏ်ခတ်ပိတ်ဆို့မှုသစ်များအား ဇူလိုင် ၂၆ ရက်တွင် တစ်ခဲနက် မဲပေးအတည်ပြုလိုက်သည်။

ထိုလုပ်ရပ်က ရုရှအပေါ် ရန်စသလို ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဥရောပနိုင်ငံများအတွက်လည်း စီးပွားရေးရိုက်ခတ်မှုများအတွက် စိုးရိမ်စရာ ဖြစ်စေမည်။

အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၁၉ မဲနှင့် ကန့်ကွက်မဲ ၃ မဲဖြင့် အတည်ပြုသော ယခုဒဏ်ခတ်ပိတ်ဆို့မှုသည် အမေရိကန်၏ ဘေးကင်းရေးအတွက် အန္တရာယ်ပေးနိုင်သော ရန်ဖက်များကို ဝက်အူရစ် တင်းကြပ်လိုက်ခြင်းပဲဖြစ်ကြောင်း မဲပေးပြီးနောက် အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်က ဆိုသည်။

ယခုဒဏ်ခတ်ပိတ်ဆို့မှုအား ထောက်ခံမှုပေးလျက်ရှိသည့် ဆီးနိတ်လွှတ်တော်သို့ တင်ကာ အတည်ပြုရန်ရှိသော်လည်း မြောက်ကိုရီးယားအပေါ် ပြစ်ဒဏ်ချမှတ်မည့်အရေးကို ဆွေးနွေးငြင်းခုံရဖွယ် ရှိသည်။

အနာဂတ်တွင် ရုရှအား အပြစ်ပေးအရေးယူရာ၌ သမ္မတဖြစ်သူ သက်သက်ညှာညှာလုပ်ဆောင်ခြင်းကို တားဆီးနိုင်သော၊ သမ္မတအား ကွန်ဂရက်၏ စောင့်ကြည့်မှုအောက် ထိထိရောက်ရောက် ထားရှိနိုင်သော ယခု ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကြမ်းကို အစောပိုင်း၌ ဒေါ်နယ်ထရမ့်က ကန့်ကွက်လျက်ရှိနေခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကြောင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထိခိုက်လာစေလိမ့်မည်ဟု ရုရှဖက်က ဇူလိုင် ၂၄ ရက်တွင် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly