YBS ယာဉ်လိုင်း ရ လိုင်းတွင် ကားသစ်အစီးရေ ၅၀၀ ဖြင့် ပြေးဆွဲပြီ

YBS ယာဉ်လိုင်း ရ လိုင်းတွင် ကားသစ်အစီးရေ ၅၀၀ ဖြင့် ပြေးဆွဲပြီ

ရန်ကုန်၊ ဇူလိုင်လ ၂၅ ။            ။ လာမည့် ဇူလိုင်လ ၂၆ ရက်နေ့၊ ယာဉ်လိုင်း ရ လိုင်းတွင် YBS စီးတီးဘတ်စ်ကားသစ်များဖြင့် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း YUPTကုမ္ပဏီ(ယခင် မထသပိုင်) မှ အမှုဆောင်အရာ ရှိချုပ် ဦးမောင်မောင်လွင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

YBS ၃၊ ရ၊ ၂၆၊၂၈၊ ၃၆၊ ၅၈၊ ၆၅ စသည့် ယာဉ်လိုင်း ရ လိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ရရှိထားသည့် ဘတ်စ်ကားသစ်စီးရေ ၅ဝဝ ဖြင့် အများပြည်သူသယ်ယူပို့ဆောင် ရေးကုမ္ပဏီ (YUPT) မှ ပြေးဆွဲသွားမည်ဖြစ်သည်။

“မနက်ဖြန်တော့ ၃၆ ကို လိုင်းနှစ်လိုင်းနဲ့ စပြေးဆွဲဖို့ စီစဉ်ပြီးပါပြီ။ YBS ရ ယာဉ်လိုင်းကတော့ ညနေမှာ ဘတ်စ် ကားသစ်တွေကို ဝန်းထဲကထုတ်တဲ့ အခြေအနေအပေါ်မှု တည်ပြီးတော့ ကျွန်တော်တို့ စီစဉ်လို့ရမယ်။ ၅၈ က လည်း ဝန်းထဲကထုတ်တဲ့အပေါ်မှုတည်ပြီးတော့ စဆွဲသွားပါမယ်။ ကျန်တဲ့ ဘတ်စ်ကားအသစ်တွေနဲ့ ပြေးဆွဲ မယ့်ယာဉ်လိုင်းတွေကိုလည်း ဆက်တိုက်ပြေးဆွဲနိုင်ဖို့အတွက် ကျွန်တော်တို့စီစဉ်နေပါတယ်”ဟု ဦးမောင်မောင် လွင်က ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် YBS ၃၆ ယာဉ်လိုင်းကို ထောက်ကြန့် မှ ဆူးလေနှင့် အောင်မင်္ဂလာအဝေးပြေး မှ ဆူးလေထိ လမ်းကြောင်း ၂ ကြောင်းဖြင့်  စီးတီးဘတ်စ်ကားသစ်များဖြင့် စတင်ပြေးဆွဲ သွားမည်ဖြစ်သည်။

လက်ရှိတွင် YUPT (ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီမှ ကားသစ်များဖြင့်ပြေးဆွဲမည့် YBS ၃၊ ရ၊ ၂၆၊၂၈၊ ၃၆၊ ၅၈၊ ၆၅ စသည့် ယာဉ်လိုင်း ရ လိုင်း အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်း ပြေးဆွဲနေခြင်းဖြစ်ပြီး ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ယင်းယာဉ်လိုင်း ရ လိုင်းတွင် လက်ရှိပြေးဆွဲနေသော ကုမ္ပဏီပိုင် ဘတ်စ်ကားများကိုမူ YUPT ပိုင် အခြားယာဉ်လိုင်းများတွင် ပြေးဆွဲသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကားသစ် အစီးရေ ၁,ဝဝဝ ကို ယာဉ်လိုင်းကုမ္ပဏီများဖြစ်သည့် YBPC နှင့် YUPT ကုမ္ပဏီတို့အား ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဇူလိုင်လ ၄ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး YUPT ကုမ္ပဏီမှ ကားအသစ်အစီး ၅ဝဝ ရရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly