ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီ၊ နေမာ၊ လီဝန်ဒေါစကီး၊ ဟီဂူအင်တို့နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဟု စီရော်နယ်ဒို ပြော

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီ၊ နေမာ၊ လီဝန်ဒေါစကီး၊ ဟီဂူအင်တို့နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဟု စီရော်နယ်ဒို ပြော

ဇူလိုင် ၂၅၊ စပိန် ။                ။ ရီးယဲလ်အသင်းနှင့်ပေါ်တူဂီလက်ရွေးစင်အသင်းတို့၏ တိုက်စစ်မှူး စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အတွက် မက်ဆီ၊ နေမာ၊ လီဝန်ဒေါစကီး၊ ဟီဂူအင်တို့နှင့် အဓိက ယှဉ်ပြိုင်ရလိမ့်မည်ဟု ပြောဆိုလိုက်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ရီးယဲလ်အသင်းတို့အတွက် ပွဲပေါင်း ၅၅ ပွဲပါ၀င်ကစားပေးခဲ့ရာတွင် ၅၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။ ထို့အပြင် ၂၀၁၆-၁၇ ရာသီ၌ ရီးယဲလ်အသင်းအတွက် လေးနှစ်ကြာဝေးကွာနေသော လာလီဂါဖလားကို ပြန်လည်ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ၁၂ ကြိမ်မြောက် စံချိန်တင် ရယူပေးခဲ့သည်။

ထို့ကြောင့် စီရော်နယ်ဒိုသည် ၂၀၁၇ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ထပ်မံရရှိရန် ရေပန်းစားလျက်ရှိသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံသို့ ကိုယ်ပိုင်ရာသီကြိုခရီးစဉ်ရောက်ရှိနေသည့် စီရော်နယ်ဒိုက ‘ဒီနှစ် ကမ္ဘာ့အကောင်းဆုံးဆုအတွက် မက်ဆီ၊ နေမာ၊ လီဝန်ဒေါစကီး.. ဟီဂူအင်တို့နဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်။

ဒီလို်ယှဉ်ပြိုင်ရတာက စိတ်ကျေနပ်စရာ ကောင်းပါတယ်။ ဒါ့အပြင် တစ်နှစ်ထက် တစ်နှစ်ပိုကောင်းလာဖို့ ကိုယ့်ကို တွန်းအားဖြစ်စေပါတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းရတာက ကိုယ့်ကို ပိုကောင်းစေပါတယ်။ အာရုံစူးစိုက်မှုလျော့နည်းသွားတာနဲ့ တစ်ခြားကစားသမားတွေက ကိုယ့်ကို ကျော်တက်သွားပါလိမ့်မယ်’ ဟု ဆိုသည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း မက်ဆီနှင့် ဂရစ်ဇ်မန်းတို့ကို ဖြတ်ကျော်ကာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သလို ဖီဖာမှ ချီးမြှင့်သည့် The Best FIFA Men's Player ဆုကိုလည်း ရရှိခဲ့သည်။ ထို့အပြင် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုနှင့် တစ်ဦးချင်းထူးချွန်မှု ဆုများစွာကိုလည်း ရယူနိုင်ခဲ့သည်။

စီရော်နယ်ဒို်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်ရရှိထားပြီး တစ်ဦးချင်းထူးချွန်ဆုများစွာ ရရှိထားသော်လည်း ထပ်မံရရှိလိုလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly