“political tourism ”

ကိုမျိုးသန့်ရေ

အခု စာမျက်နှာမှာ ဘာလင်အကြောင်းတွေချည်းပဲ ရေးနေရသလားလို့ အပြစ်တင် မစော ပါနဲ့နော်။ ကျွန်တော် မှတ်ထားခဲ့တာတွေ၊ ကျွန်တော် ပြောပြချင်တာလေးတွေ ရှိနေသေးလို့ပါ။ ဒါ တောင် ကျွန်တော်က ခရီးသွားဆောင်းပါးပုံစံ အသေးစိတ် ရေးပြတာမျိုးတွေ မလုပ်ပါဘူး။ သ တင်းစာ အရေးအသားနဲ့ လိုတိုရှင်း ပုံစံလောက်ပါပဲ။ ဒီတစ်ပတ်မှာတော့ ဂျာမနီနိုင်ငံ ဘာလင် ခရီးစဉ်အပေါ် ကျွန်တော့်ရဲ့ ခံစားချက်၊ နောက် အဲဒီရောက်မှ ကျွန်တော် ကြားဖူးခဲ့တဲ့ political tourism ဆိုတာလေး ပြောပြချင်လို့ပါ။

မှတ်မိသလောက် ကျွန်တော်ဟာ ဘာသာပြန်စာပေလို၊ စာကြီးပေကြီးတွေကို အလယ် တန်း ကျောင်းသားဘဝမှာ စပြီးဖတ်ဖူးပါတယ်။ ဘယ်သူတွေရေးတဲ့ ဘယ်စာတွေကို ဖတ်ခဲ့တယ် အသေးစိတ်ပြန် မစဉ်းစားမိပေမယ့် ကျွန်တော်ဖတ်ခဲ့တဲ့ အထဲမှာ ဆရာလင်းယုန်မောင်မောင် ဘာ သာပြန်တဲ့ ဒုတိယကမ္ဘာစစ်၊ နာဇီခေတ် ဂျာမန်သမိုင်း အကြောင်းအရာ စာအုပ်တွေ အတော်များပါ တယ်။ ဆရာကြီး ဘာသာပြန်ခဲ့တဲ့ ဟစ်တလာ၊ အိုက်ခမန်း၏ ငရဲခန်း၊ ဂိုးဘဲလ်၊ နျူရင်ဘတ် စစ်ခုံ ရုံးမှတ်တမ်း အစရှိသဖြင့် နာဇီခေတ် သမိုင်းဆိုင်ရာ စာအုပ်တွေ အတော်များပါတယ်။ ဆရာကြီးအ နေနဲ့ အဲဒီစာအုပ်တွေ ကိုပြုစုရာမှာ စာအုပ်တစ်အုပ်ထဲကနေပဲ တိုက်ရိုက်ဘာသာပြန်ဆိုတာမျိုး မ လုပ်ပဲ စာအုပ်တချို့ကို ကိုးကားပြီး ရသမြောက်အောင် ပြန်လည် ပြုစုထားတာတွေပါ။ ပြောရရင် စာရေးချောတယ်၊ စာရေးကောင်းတယ်၊ စာဖတ်သူတွေကို အရမ်း ဆွဲဆောင်နိုင်တဲ့ စာအုပ်တွေ ပေါ့။

ဆိုတော့ ကျွန်တော်ကလည်း စာတွေ ဖတ်ကာစ၊ ဆရာကြီးဘာသာပြန်တဲ့ ဒုတိယကမ္ဘာစစ် နာဇီဂျာမနီ အကြောင်းတွေ ဖတ်ဖတ်ပြီး အဲဒီခေတ် သမိုင်းကြောင်းကို အတော်လေးသိတဲ့သူ ဖြစ်လာပါရော လား။ ဆယ်ကျော်သက် လူငယ်သဘာဝ ဆရာကြီးရဲ့ စာအုပ်တွေနဲ့ ဘယ်လောက် ရင်း နှီးပြီး စိတ်နှလုံးထဲ ဘယ်လောက် စွဲသလဲဆို၊ လွဲမှားတဲ့ အယူအဆဘက်ကို ရောက်သွားတာ တောင် ရှိခဲ့ဖူးပါရဲ့။ ဆရာကြီးပြုစုတဲ့ ဟစ်တလာ အတ္ထုပ္ပတ္တိ စာအုပ်ကို ကျွန်တော် ဖတ်ပါတယ်။ တစ်ခါထဲ စွဲသွားလိုက်တာ ဟစ်တလာတောင် အဲဒီအချိန်က ကျွန်တော့် ဟီးရိုးကို ဖြစ်လို့၊ စာအုပ် ရဲ့ အစမှာ ဆရာကြီးက သူ အဲဒီစာအုပ်ပြုစုတာဟာ နောင် ဒီကမ္ဘာမြေပေါ်မှာ ဟစ်တလာလို လူမျိုး ဘယ်တော့မှ မပေါ်ပေါက်စေရေး ရည်ရွယ်ပါတယ် ဆိုပြီး ရေးသားထားတာတွေကိုတောင် မေ့သွား ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် (၆) တန်း၊ တစ်ရက်သား ရန်ကုန်ကနေ မော်လမြိုင်ပြန်ဖို့ ဘူတာကြီးမှာ လက်မှတ် တန်းစီပါတယ်။ တန်းစီရင်း ဘယ်လို အကြောင်းချင်းရာတွေ တိုက်ဆိုင်သွားသလဲ မသိ ပါဘူး။ အဲဒီမှာ ကျွန်တော်က နာဇီ ဂျာမနီအကြောင်းနဲ့ မြန်မာပြည်အကြောင်း နှိုင်းယှဉ်ပြောမိပါ လေရော။ ကျွန်တော် အဲဒီမှာ လူတွေကြားထဲ အာဘောင်အာရင်းသန်သန်နဲ့ ပြောခဲ့မိတာက ဂျာမ နီမှာ ဂျူးတွေက စီးပွားရေးအရ အလွန်သွေး စုပ်တယ်၊ ဒါကြောင့် ဂျူးတွေကို ဟစ်တလာ သုတ် သင်တာမှန်တယ်၊ မြန်မာနိုင်ငံမှာလည်း တရုတ်၊ ကုလားတွေက စီးပွားရေးအရ သွေးစုပ်တယ်၊ ကျွန်တော်သာ တိုင်းပြည်အာဏာရရင် ဟစ်တလာ လုပ် သလို လုပ်မှာပဲဆိုပြီး ပြောခဲ့သဗျား။ ဥမမယ် စာမမြောက် ကျွန်တော့်ရဲ့ လွဲမှားတဲ့၊ အတော်လေးကို ဆိုးရွားတဲ့ သဘောထားခံယူချက် ပါ။

ဒါနဲ့ပတ်သက်ပြီး စာတစ်ပုဒ်ထဲမှာ ဆရာကြီး လင်းယုန်မောင်မောင်က သူ ဟစ်တလာ အတ္ထုပ္ပတ္တိကို ပြုစုတာ ကောင်းလွန်းလို့ တချို့စာဖတ်သူတွေဟာ ဟစ်တလာကို မုန်းတီးရွံ့ရှာ ရမယ့်အစား သူ့ကို သဘောကျ အားကျသွားတာတွေတောင် ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ တာဝန် မကင်းဘူးလို့ ခံစားရတဲ့အကြောင်း ရေးထားတာလည်း ဖတ်ရပါတယ်။ ကျွန်တော်တောင် ၇ တန်း၊ ၈ တန်းနှစ်မှာ နာဇီ ဝါဒဖြန့် ဝန်ကြီး ဂိုးဘဲလ်ကို အတုခိုးပြီး မှန်ကိုကြည့် အာဘောင် အာရင်းသန် သန်နဲ့ မိန့်ခွန်းပြောတာမျိုး လေ့ကျင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် (၉) တန်းနှစ်လောက် ရောက်တော့ လက်ဝဲစာပေတွေ၊ အခြားသော စာကောင်းပေမွန်တွေ ဖတ်ရင်း အဲဒီ အလွန်ဆိုးရွား တဲ့ အယူအဆ ပျောက်ကွယ်သွားခဲ့ပါတယ်။

ပြောရရင် ငယ်စဉ်ကတည်းက ကိုယ်ရင်းနှီးခဲ့တဲ့ နာဇီဂျာမနီ ခေတ်နဲ့ ပတ်သက်တဲ့ နေရာ တွေ ရောက်ဖူးချင်၊ အဆောက်အအုံတွေ မြင်ဘူးချင်၊ နှောင်းခေတ် ဂျာမန်တွေ ဟစ်တလာ တို့ကို ဘယ်လိုသဘောထားသလဲ၊ သူတို့ ဘယ်လိုပြုပြင်ကြသလဲ သိချင်တော့ ဂျာမန်ခရီးစဉ် အလွန် စိတ်ဝင်စားတာ မဆန်းပါဘူးဗျာ။ ဘာလင်ကို ရောက်သွားပြီးနောက် Taz သတင်းစာ အယ်ဒီတာ Sven Hansen ပြောတဲ့ စကားထဲမှာ political tourism ဆိုတဲ့ စကားလုံးကို ပထမဦးဆုံး စပြီး ကြားဖူးခြင်းပါပဲ။

ကိုမျိုးသန့်ရေ

political tourism ဆိုတာ သမိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးနေရာတွေကို ခရီးသွားတွေက လေ့လာတာမျိုး အပါအဝင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး နေရာတွေကိုပါ ခရီးသွားတွေ လေ့လာလို့ ရတဲ့ ခရီးစဉ်မျိုး ကိုပြောတာပါလို့ www.alternativetours.com မှာ ရေးထားပါတယ်။ အဲဒီ ခရီးမျိုး တွေ စီစဉ်တဲ့ သူတွေဟာ  အင်န်ဂျီအိုတွေနဲ့ တခြားလူမှုရေး အဖွဲ့အစည်းတွေကပဲ ဖြစ်လေ့ရှိကြပါ တယ်။ လက်ရှိခေတ် စားနေတဲ့ နေရာတွေကတော့ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အရင် ယူဂိုစလားဗီး ယား နိုင်ငံတွေ ဖြစ်ပါတယ်။ ဘာလင်ဟာလည်း political tourism ထွန်းကားတဲ့ မြို့ထဲမှာ ပါတယ် ဆိုရင်လည်း မမှားပါဘူး။ ဒုတိယကမ္ဘာစစ်ကာလက ဘာလင်ဟာ ဗုံးဒဏ် အမြောက်ဒဏ်တွေ ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားခဲ့တဲ့ မြို့ပါ။ ဒါကြောင့် ဆောက်ထားတဲ့ အဆောက်အအုံတွေ ဟာလည်း ဒုတိယကမ္ဘာစစ် အပြီး ၊နောက်ပိုင်း ဆောက်တဲ့ အဆောက်အအုံတွေမို့ ရှေးဟောင်း အမွေအနှစ်တွေလို့ မပြောနိုင်ပါဘူး။

ဘာလင်ကို ပြန်လည်တည်ဆောက်ကြတဲ့အခါ သမိုင်းဆိုင်ရာ အထောက်အထားတွေကို ချန်ထားပြီးမှ စနစ်တကျ ဆောက်ခဲ့ကြတာပါ။ နောက်ပိုင်း အရှေ့ဂျာမနီ GDR အစိုးရက ဘာလင် ကို အရှေ့ ဘာလင်၊ အနောက်ဘာလင် ဆိုပြီး တံတိုင်းခတ်၊ နောက်ပိုင်း တံတိုင်းပြိုသွားတော့ အဲဒါ ကလည်း သမိုင်းဆိုင်ရာ အမှတ်တရအဖြစ် ကျန်ရစ်ပါလေရော။ ပြောရရင် ဘာလင်ဆိုတာ သမိုင်း ဆိုင်ရာ အမှတ်တရ နေရာတွေ များလွန်းတဲ့ မြို့တော်တစ်ခု ဖြစ်နေတာကို ကျွန်တော် တွေ့ခဲ့ရ တယ်။ စစ်နဲ့ဆိုင်တဲ့ ပြတိုက်တွေ၊ အမှတ်တရ နေရာတွေ၊ အကျဉ်းထောင်တွေ၊ ဒုတိယကမ္ဘာစစ် နာဇီကာလတုန်းက လူသားတွေအပေါ် မျိုးပြုန်းသတ်ဖြတ်မှု လုပ်တာကို မမေ့လျော့ရအောင် အမှတ်တရ လုပ်ထားတဲ့ နေရာတွေ စတာတွေ ပြည့်နှက်နေတာပါပဲ။

ဒါ့အပြင် လက်ရှိ ဂျာမန် လွှတ်တော်ကြီးကိုတောင် ပြည်တွင်း ပြည်ပ ခရီးသည်တွေ လေ့လာခွင့်ရတဲ့ နေရာဖြစ်အောင် တောင် ဖန်တီးထားလိုက်သေးတယ်။ ဘယ်လောက်တောင် လုပ်ထားသလဲဆို ဂျာမန် အဓိပတိ အိန်ဂျလာ မာကယ်ရုံးထိုင်တဲ့ အဆောက်အအုံ တစ်ဘက်ကမ်းမှာ ဘီယာဥယျာဉ်တောင် လုပ်ပြီး ခရီးသည်တွေကို ဆွဲဆောင်လိုက်သေးတယ်။ ဒါကြောင့် ဘာလင်မှာ political tourism အတော်ဖြစ်ထွန်းပါတယ်။ ဘာလင်မှာ တခြားဂျာမနီနိုင်ငံ မြို့တော်တွေနဲ့မတူ ဟော်တယ်တွေ အများကြီး ဆောက်ထားပြီး tourism ကနေ ဝင်ငွေကလည်း သုံးပုံတစ်ပုံလောက် ရနေပါသတဲ့။

တကယ်တော့ ဂျာမန်တွေဟာ သမိုင်းကနေ သင်ခန်းစာ ယူခဲ့ကြပါတယ်။ နောင်ဆိုးရွားတဲ့ စနစ်တစ်ခု သူတို့မြေပေါ် မပေါ်ပေါက်အောင် အဘက်ဘက်က လုပ်ကိုင်ထားကြပါတယ်။ ပညာရေး သင်ရိုးမှာ လည်း အမှန်အတိုင်း ထည့်ရေးပါတယ်။ ဒီအမှတ်သညာတွေကို သူတို့တွေ တင်မက ကမ္ဘာသူ ကမ္ဘာသားတွေပါ သိအောင် လုပ်ကိုင်ထားကြပါတယ်။ ဒါတင်မက အဲဒီကနေ စီးပွားရေးအရ တိုင်းပြည်ဝင်ငွေ ရအောင် political tourism နဲ့ ရှာဖွေနေပါကြောင်း-

ကျန်းမာပျော်ရွှင်ပါစေ။