ရခိုင်တပ်မတော်က ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၀၀ လှူဒါန်း

ရခိုင်တပ်မတော်က ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၀၀ လှူဒါန်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်တပ်မတော်(AA) မှ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၇၀၀၀ လှူဒါန်းသည် ဆိုသော သတင်းမှာ မဟုတ်မှန်ဘဲ ၎င်းတို့မှ ဆန်အိတ်ပေါင်း ၂၀၀ ကိုသာ ပေးအပ်လှူဒါန်းခဲ့သည်ဟု AA မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။

လူမှုကွန်ယက် FB ပေါ်တွင် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်မှ ရေးဘေးသင့် ပြည်သူများအတွက် သိန်း ၇၀၀၀ (ခုနှစ်ထောင်) တိတိလှူဒါန်းခဲ့သည်ဟု ဖော်ပြထားခြင်းသည် ကောလာဟလ ဖြစ်ကြောင်း သူက ပြန်လည် ပြောပြသည်။

“မဟုတ်ပါဘူးခင်ဗျ။ လျှောက်ရေးနေကြတာ ဖြစ်လိမ့်မယ်။ သိန်း ၇၀၀၀ မလှူဖြစ်ပါဘူး။ ဆန်ပဲ လှူဖြစ်တယ်။ ပထမ အသုတ်အနေနဲ့ ဆန် အိတ် ၂၀၀ပဲ လှူထားတာ ရှိပါတယ်။ တခြားဟာတွေလည်း နည်းနည်း ပါးပါးတဆင့်လှူတာ ရှိတယ်။ အဲဒီလို လျှောက်မရေးရဘူး။ ကောလာဟာလပဲ။ ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ ဒါနှောက်စရာ မဟုတ်ပါဘူး”ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။

AA မှ လှူဒါန်းလိုက်သော ဆန်အိတ် ၂၀၀ ကို ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံစားနေရသော ကျောက်ဖြူ၊ မြောက်ဦးနှင့် မင်းပြားမြို့နယ် ၃ ခုတွင် ပို့ပေးရန် AA ၏ နိုင်ငံရေးဆိုင်ရာ အရပ်ဘက်လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် -ULA မှတဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်မှာထားလိုက်တာက အဓိက ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ နေရာတွေကို ပေးလိုက်ပါ။ ကျွန်တော်တို့ အကုန်လုံးကို ပေးနိုင်ဖို့လည်း မလွယ်ဘူး။ ကျနော်တို့ AAက နိုင်ငံရေးအဖွဲ့တွေကနေ ULA အနေနဲ့ ဆန်ကိုတော့ ပေးတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းပေးတဲ့အခါ ပေးတဲ့လူကို အနှောက်အယှက် ဖြစ်မှာဆိုးလို့ တဆင့် ULA နဲ့ပေးတယ်။ အလှူငွေတွေလည်း ဆက်လက် စုဆောင်းနေပါသေးတယ်”ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။

လက်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆက်လက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်သလို၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားစေရန် သက်ဆိုင်ရာ အစိုးရထံသို့ အကြံပြုတိုက်တွန်းခြင်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။ နောက်ဆက်တွဲ ပြဿနာများဖြစ်သော ကူးစက်ရောဂါများ၊ အလုပ်အကိုင် ရှားပါးမှုကြောင့် အရင်းပြုတ်သွားသည့် လယ်သမားများအတွက် လယ်ယာပြန်စိုက်ပျိုးနိုင်ရန် လယ်မရှိတော့သဖြင့် တခြားနိုင်ငံများသို့ ထွက်ပြေးမည့် အနေအထားများ မဖြစ်ပွားစေရန် အချိန်မီ လုပ်ဆောင်သင့်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့ နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေအတွက် ဝိုင်းပြီး စဉ်းစားနေကြတာတွေ ရှိတယ်။ ရေရှည်မှာက အလုပ်အကိုင်ရှားပါးမှု။ ကုန်ဈေးနှုန်းကြီးမားမှု တခြားသော ပြဿနာတွေ ရှိလာလိမ့်မယ်။ အဲဒါတွေအတွက် အချိန်မီ စဉ်းစားထားရလိမ့်မယ်။ တိုက်တွန်းတာတို့ပဲ ကျွန်တော်တို့ လုပ်နိုင်တယ်”ဟု သူက ပြောသည်။

AA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးတွင် ပါဝင်ဆွေးနွေးနေသော်လည်း အစိုးရဘက်မှ လက်မခံသဖြင့် AA အပါအဝင် တအာင်းနှင့် ကိုးကန့်အဖွဲ့ သုံးဖွဲ့က တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့်အတူ တပြိုင်တည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြုလုပ်ရန် အစိုးရထံ သြဂုတ်လ ၅ ရက်က ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly