ရာသီကြိုခြေစမ်းပွဲတွင် ရီးယဲလ်မက်ဒရစ်ကို ပင်နယ်တီဖြင့် မန်ယူအနိုင်ရ

ရာသီကြိုခြေစမ်းပွဲတွင် ရီးယဲလ်မက်ဒရစ်ကို ပင်နယ်တီဖြင့် မန်ယူအနိုင်ရ

ဇူလိုင် ၂၄၊ ဆန်တာကလာရာ။ ။              ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဆန်တာကလာရာတွင်ကစားသော ရာသီကြိုခြေစမ်းပွဲ၌ ရီးယဲလ်မက်ဒရစ်ကိုပွဲချိန်တွင်း တစ်ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။

ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဘယ်ခြမ်းမှမာရှယ်၏ တစ်ကိုယ်တော်အစွမ်းဖြင့် ဖန်တီးပေးမှုမှတစ်ဆင့် ပွဲချိန်ပထမပိုင်းတွင် လင်ဂတ်ကသွင်းယူခဲ့သည်။

ရီးယဲလ်အတွက်ချေပဂိုးကို ယူနိုက်တက်၏ပေါင် ၃၁ သန်းတန်နောက်ခံလူသစ် လင်ဒဲလ်လော့ဖ်၏ သီယိုဟာနန်ဒက်ဇ်အပေါ် အလျှင်စလိုဖျက်ထုတ်ရာမှရရှိခဲ့သည့် ပင်နယ်တီမှတစ်ဆင့် ကက်စမီရိုက သွင်းယူခဲ့သည်။

ပွဲချိန်အတွင်းသရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ယူနိုက်တက်က နှစ်ဂိုးဝင်အောင်ကန်သွင်းနိုင်ပြီး၊ ရီးယဲလ်က တစ်ဂိုးသာဝင်အောင်ကန်နိုင်ခဲ့၍ ယူနိုက်တက်အသင်း ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

လင်ဒဲလ်လော့ဖ်အတွက် ကံမကောင်းသည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပင်နယ်တီလည်းလွဲချော်ခဲ့သည်။ အခြားထိခိုက်မှုအဖြစ် ဟာရဲရား သည်လည်း ၆ မိနစ်သာကစားပြီး တင်ပါးဒဏ်ရာရသွားခဲ့သည်။

ယူနိုက်တက်သည် အမေရိကန်တွင် ခြေစမ်းပွဲလေးပွဲလုံးအနိုင်ရထားပြီး ဗုဒ္ဓဟူးနေ့တွင် ဝါရှင်တန်၌ ဘာစီလိုနာနှင့် နောက်ဆုံးပွဲ ကစားရမည်ဖြစ်သည်။

ယူနိုက်တက်နှင့်ပွဲတွင် ဝေးလ်တိုက်စစ်မှူးဂါရတ်ဘေးလ်မှာ ရီးယဲလ်မက်ဒရစ်အတွက် ရာသီကြိုပထမဆုံးပွဲအဖြစ် ဝင်ရောက် ကစားသွားသည်။

ရီးယဲလ်မက်ဒရစ်အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် လော့စ်အိန်ဂျယ်လိစ်၌ မန်စီးတီးနှင့် ကစားမည်ဖြစ်ပြီး စနေနေ့တွင် မီယာမီ၌ ဘာစီလိုနာနှင့် ကစားမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly