ကာတာအရေး ငြိမ်းအေးစေရန်အတွက် ပင်လယ်ကွေ့ဒေသသို့ အာဒိုဂန်သွားရောက်

ကာတာအရေး ငြိမ်းအေးစေရန်အတွက် ပင်လယ်ကွေ့ဒေသသို့ အာဒိုဂန်သွားရောက်

ကူဝိတ်စီးတီး၊ ဇူလိုင် ၂၄ ။         ။ တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်သည် မဟာမိတ်ဖြစ်သော ကာတာတို့၏ လိပ်ခဲတည်းလည်းဖြစ်နေ သည့် ပဋိပက္ခပြသနာများကို ထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်ပြီး တနင်္ဂနွေနေ့က ပင်လယ်ကွေ့ဒေသသို့ သွားရောက်ခဲ့သည်။

ဖြစ်ပွားနေသော ပြသနာများအတွင်း ကာတာဘက်မှ ရပ်ခံပေးနေသော တူရကီနိုင်ငံ၏ သမ္မတဖြစ်သူ အာဒိုဂန် က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဘုရင်ကြီးဆယ်လ်မန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုရင်ကြီးကလည်း အကြမ်းဖက်မှုကို ခုခံတိုက်ဖျက်နေသော တူရကီခေါင်းဆောင်၏ ကြိုးပမ်းချက်ကို အသိအမှတ်ပြုခဲ့ကြောင်း ဆော်ဒီနိုင်ငံတော် သတင်းဌာန SPA က သတင်းတင်ပြခဲ့သည်။

ဒါ့အပြင် အာဒိုဂန်သည် ကူဝိတ်နိုင်ငံသို့ မထွက်ခွာမီတွင် ဆော်ဒီ၏အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ် မန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

အာဒိုဂန်ကို လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ကြားဝင်ဖြေရှင်းပေးနေသည့် ကူဝိတ်စော်ဘွားကြီး ရှိတ်ခ်ဆာဘားအယ်လ်အာမက်အယ်ဆာဘားက လက်ခံကြိုဆိုခဲ့သည်။

ပြီးခဲ့သော ဇွန်လ ၅ရက်နေ့က ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်နိုင်ငံများက ကာတာနိုင်ငံသည် အစွန်းရောက်များကို ထောက်ပံ့နေပြီး ရှီးအိုက်မွတ်စလင်များဖြစ်ကြသော အီရန်တို့နှင့်လည်း အဆက်အဆံများ ရှိနေသည်ဟု စွပ်စွဲခဲ့ကြကာ အဆက်အသွယ်ဖြတ်တောက်ခဲ့ကြသည်။

သို့သော်လည်း ထိုစွပ်စွဲချက်များကို တူရကီတို့၏ အခိုင်အမာထောက်ခံမှုကို ရရှိထားသော ကာတာနိုင်ငံက ယတိပြတ်ငြင်းဆန်ခဲ့သည်။

အာဒိုဂန်သည် ယနေ့တနင်္လာနေ့တွင် ကာတာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စော်ဘွားကြီး ရှိတ်ခ်တာမင်ဘင် ဟာမတ်အယ်လ်သာနီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

အစ္စတန်ဘူလ်မြို့မှ မထွက်ခွာမီတွင် အာဒိုဂန်က “ ကာလရှည်ကြာနေတဲ့ ပဋိပက္ခတွေကို ကြာလာရင်ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သလို ဒေသတွင်းရှိ ညီအစ်ကိုရင်းချာ နိုင်ငံများကြားတွင် ပဋိပက္ခမီးကို မွှေးပေးနေသာ ရန်သူများရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags