သြဂုတ် ၇၊ မန်ချက်စတာ ။ ။ မန်ယူအသင်းသည် အင်္ဂလန်တောင်ပံကစားသမား အက်ရှ်လေယန်းကို ၂၀၁၈ ခုနှစ်အထိ သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
အသက် ၃၀ အရွယ်ရှိ ယန်းသည် ၂၀၁၁ ခုနှစ်က ဗီလာအသင်းမှ မန်ယူသို့ ရောက်ရှိလာသူ ဖြစ်သည်။ မန်ယူအသင်းအတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားပေးထားပြီး ၁၃ ဂိုးသွင်းယူထားသည့် ယန်းသည် ပြီးခဲ့သည့်ရာသီက နည်းပြဗန်ဟားလ်၏ လက်အောက်တွင် ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်သည်။
ယန်းကို စာချုပ်သစ် ချုပ်ဆိုနိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း မန်ယူနည်းပြ ဗန်ဟားလ်က ပြောသည်။ 'ယန်းကို စာချုပ်သစ် ချုပ်နိုင်ခဲ့လို့ အားလုံးပဲ ကျေနပ်ဝမ်းမြောက်ကြပါတယ်။ ယန်းဟာ စွယ်စုံရတဲ့ ကစားသမားတစ်ဦးပါ။ တောင်ပံတစ်လျှောက်မှာ သူဟာ ယုံကြည်မှုမြင့်မားစွာနဲ့ ကစားနိုင်သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်' ဟု ဗန်ဟားလ်က ချီးကျူးခဲ့သည်။
ယန်းကလည်း 'စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ လက်ရှိအသင်းက စိတ်ဓာတ်နဲ့ အာရုံစူးစိုက်မှု အလွန်မြင့်မားတဲ့ အသင်းပါ။ ဒီရာသီကို အမှတ်ရနေရမယ့် ရာသီတစ်ခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ' ဟု ပြောသည်။
ရည်ညွှန်း ဂါးဒီးယန်း